မူစတာဖီကို အပြစ်တင်ရန် အူနိုင်းအမ်မရီ ငြင်းဆန်

မူစတာဖီကို အပြစ်တင်ရန် အူနိုင်းအမ်မရီ ငြင်းဆန်
Photos : AFP, Gettyimages
Photos : AFP, Gettyimages
Published 22 April 2019

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီသည် ပဲလေ့စ်အသင်းအား (၂-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် ဒုတိယဂိုးပေးခဲ့ရမှုနှင့်ပတ်သက်ပြီး အသင်းနောက်ခံလူ မူစတာဖီအား အပြစ်တင်ရန် ငြင်းဆန်ခဲ့သည်။

ယင်းပွဲတွင် မူစတာဖီ၏အမှားကြောင့် ပဲလေ့စ်အသင်းမှ ဇာဟာအား ဂိုးသွင်းယူရန် ခွင့်ပြုခဲ့ရပြီး အာဆင်နယ်အသင်းကို ရှုံးပွဲတွေ့စေခဲ့ခြင်းဖြစ်သည်။

'' ကျွန်တော်က ကစားသမားတိုင်းကို ကာကွယ်ရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အလုပ်ကို သူတို့ အတတ်နိုင်ဆုံးကြိုးစားပြီး အကောင်းဆုံးလုပ်ဆောင်ခဲ့လို့ပါပဲ။ အသင်းသားတွေအားလုံးကို ယေဘုယျ ခြုံငုံသုံးသပ်ပြီး ကျွန်တော် ပြောလို့ရပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ယောက်စီတိုင်းရဲ့ကိစ္စတွေကို ပစ်မှတ်ထား ပြောဆိုနေမှာတော့ မဟုတ်ပါဘူး'' ဟု အူနိုင်းအမ်မရီက talkSPORT.com သို့ ပြောကြားခဲ့သည်။

ထို့ပြင် အူနိုင်းအမ်မရီက အမှတ်ပေးဇယား နံပါတ်(၃)နေရာသို့ တက်လှမ်းရန် အခွင့်အရေးကောင်းကို လက်လွှတ်ခဲ့ရသော်လည်း ၎င်းတို့အတွက် အခြေအနေကောင်းနေဆဲဟု သုံးသပ်ခဲ့သည်။

အူနိုင်းအမ်မရီက '' ဆိုးရွားလွန်းတဲ့ စိတ်ပျက်စရာတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဂုဏ်ယူရတဲ့အသင်းတစ်သင်းအဖြစ် အကြောင်းပြချက်တွေ များစွာရှိပါတယ်။ အမှတ်ပေးဇယားမှာ ကျွန်တော်တို့ အလေးသာနေဆဲပါပဲ။ ဒီရှုံးပွဲက ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ အခွင့်အလမ်းလျော့ကျလာပေမယ့် ကံကြမ္မာက ကျွန်တော်တို့လက်ထဲမှာ ရှိနေပါသေးတယ်။ အခုပွဲမတိုင်မီ ကျွန်တော်တို့ အခွင့်အရေးတွေ များစွာရှိခဲ့တယ်။ ယနေ့မှာတော့ ဒီအခွင့်အလမ်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ တူညီတဲ့ စိတ်ဓာတ်တွန်းအား တည်ဆောက်ဖို့လိုပြီး ဒါကပဲ အသင်းအတွက် အပေါင်းလက္ခဏာဆောင်စေပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ၁၉၉၄ အောက်တိုဘာလနောက်ပိုင်း ပဲလေ့စ်အသင်းကို အမှတ်ပေးပွဲစဉ်များတွင် ပြန်လည်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။