အေဂျက်စ်တောင်ပံကစားသမား ဇီယာ့ရှ်က မိမိအနေဖြင့် အသင်းတွင် နောက်တစ်ရာသီဆက်ကစားဖွယ်ရှိနေသည်ဟု ပြောကြားခဲ့သည်။
ယခုရာသီတွင် အေဂျက်စ်အသင်းနှင့်အတူ ခြေစွမ်းပြနေသည့် မော်ရိုကိုလက်ရွေးစင်တောင်ပံကစားသမား ဇီယာ့ရှ် (၂၆ နှစ်)ကို ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် အာဆင်နယ်၊ မန်ယူတို့အပါအဝင် ဥရောပထိပ်တန်းအသင်းပေါင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရသည်။
သို့သော် ဇီယာ့ရှ်က မိမိအနေဖြင့် လာမည့်ရာသီတွင် အသင်းပြောင်းဖွယ်မရှိသေးကြောင်း ပြောကြားခဲ့သည်။ ဇီယာ့ရှ်က "ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် ကျွန်တော်က အရမ်းရွေးချယ်တတ်သူပါ။ ကျွန်တော် ပြောင်းချင်တဲ့ အသင်းတွေ ရှိပါတယ်။ ဒါပေမဲ့ အေဂျက်စ်အသင်းမှာလည်း ကျွန်တော် ဆက်ရှိနိုင်ပါသေးတယ်"ဟု ပြောကြားခဲ့သည်။
ဇီယာ့ရှ်သည် ယခုရာသီပြိုင်ပွဲစုံ (၃၉) ပွဲတွင် (၁၉) ဂိုးသွင်းယူထားပြီး အသင်းနှင့်စာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။