အိမ်ကွင်းနိုင်ပွဲနဲ့အတူ အဆင့်(၁)နေရာပြန်လည်တက်လှမ်းခဲ့တဲ့ မန်စီးတီး 

အိမ်ကွင်းနိုင်ပွဲနဲ့အတူ အဆင့်(၁)နေရာပြန်လည်တက်လှမ်းခဲ့တဲ့ မန်စီးတီး 
Photos: Reuters & Getty Images
Photos: Reuters & Getty Images
Published 20 April 2019

■ မန်စီးတီး ၁-၀ စပါး

ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက အိမ်ကွင်းမှာ (၁-၀)ဂိုးနဲ့အနိုင်ယူပြီး အဆင့် (၁)နေရာကိုပြန်လည်တက်လှမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ စပါးအသင်းရဲ့နောက်ကောက်ချခြင်းကိုခံခဲ့ရတဲ့ မန်စီးတီးအသင်းအတွက် နောက်ထပ်ဖလားတစ်လုံးမဆုံးရှုံးရဖို့ အိမ်ကွင်းမှာဂရုတစိုက်ပြင်ဆင်ခဲ့ပြီး ချန်ပီယံလိဂ်ရှုံးကြွေးကို ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စပါးအသင်းကတော့ ပရီးမီးယားလိဂ်အဆင့် (၄)အတွင်းဝင်ဖို့အရေးပါတဲ့ပွဲစဉ်ဖြစ်ပေမယ့် နိုင်ပွဲနဲ့ဝေးခဲ့ရလို့ လက်ကျန်ပွဲတွေမှာ ဖိအားများသွားတာတော့အမှန်ပါပဲ။

မန်စီးတီးအသင်းကတော့ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်အခြေအနေကြောင့် မဖြစ်မနေအနိုင်ရဖို့လိုနေပြီး အိမ်ကွင်းပွဲစဉ်မှာ အဂွဲရိုး၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဂွန်ဒိုဂန်တို့ကို ဇင်ချန်ကို၊ ဖိုဒန်တို့လိုလူငယ်တွေနဲ့ တွဲဖက်ပြီးလူစုံထုတ်ခဲ့တာပါ။

ပွဲစကတည်းက စပါးအသင်းဟာ အိမ်ရှင်မန်စီးတီးကို ခပ်မာမာတုံ့ပြန်ခဲ့ပေမယ့် မန်စီးတီးရဲ့ကစားအားက စပါးအသင်းကိုပွဲချိန်ကြာလာတာနဲ့အမျှ ဖိအားပေးကစားလာနိုင်တာတွေ့ရပါတယ်။

ပိုဆိုးတာက ပွဲအစ (၅)မိနစ်မှာပဲ မန်စီးတီးအသင်းဂိုးရသွားတာဖြစ်ပြီး အဂွဲရိုးခေါင်းတိုက်ချပေးတာကနေ လူငယ်ကစားသမား ဖိုဒန်က ခေါင်းတိုက်ပြီးပဲပိတ်သွင်းယူပေးခဲ့တာပါ။

အသက် (၁၈)နှစ်နဲ့ (၃၂၇) ရက်သာရှိသေးတဲ့ ဖိုဒန်ဟာ မန်စီးတီးအသင်းသမိုင်းမှာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမွေးဖွားပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးသောကစားသမားဖြစ်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ စပါးအသင်းချေပဂိုးအတွက် ကစားအားတင်ခဲ့လို့ ပွဲကအကြိတ်အနယ်ရှိလာခဲ့ပါတယ်။

မန်စီးတီးအသင်းကလည်း သေချာပေါက်အနိုင်ရဖို့အတွက် နောက်ထပ်ဂိုးတွေရဖို့ကြိုးစားခဲ့ပြီး နှစ်သင်းစလုံးရဲ့ခံစစ်ပိုင်းနဲ့ ဂိုးသမားတွေပုံစံကောင်းပြနိုင်ခဲ့တာကြောင့် ဂိုးတွေထပ်မမြင်ခဲ့ရတာပါ။

ပထမပိုင်းမှာ (၁-၀)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးအပြောင်းအလဲတွေနဲ့အတူ ဂိုးတွေရဖို့ကြိုးစားခဲ့ကြပါတယ်။

စပါးအသင်းချေပဂိုးအတွက်အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် မန်စီးတီးအသင်းရဲ့ခံစစ်ပိုင်းကပုံစံကောင်းမှာရှိနေလို့ ဂိုးအဖြစ်တော့မပြောင်းလဲနိုင်ခဲ့ပါဘူး။

လက်ကျန်ပွဲချိန်မှာ မန်စီးတီးအသင်းက အနိုင်ဂိုးကိုထိန်းကစားသွားခဲ့လို့ ပွဲကတော့ (၁-၀)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းရဲ့ပွဲစဉ်မတိုင်မီမှာ မန်စီးတီးအသင်းဟာ ပွဲတူအနေအထားမှာ အဆင့် (၁)နေရာကိုပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံဆုအတွက်လည်းရှေ့တစ်လှမ်းတိုးခဲ့တယ်လို့ဆိုရမှာပါ။