တစ်နှစ်အတွင်း သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲထုတ်လုပ်မှုမှ ကျပ်ဘီလျံ ၁၀၀၀ ကျော်ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် ကျပ်ဘီလျံ ၂၉၀ ခန့် ပိုမိုရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

တစ်နှစ်အတွင်း သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲထုတ်လုပ်မှုမှ ကျပ်ဘီလျံ ၁၀၀၀ ကျော်ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် ကျပ်ဘီလျံ ၂၉၀ ခန့် ပိုမိုရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 20 April 2019
ဇေယျာငြိမ်း

ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲထုတ်လုပ်မှုမှ ကျပ်ဘီလျံ ၁၀၀၀ ကျော် ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် ကျပ်ဘီလျံ ၂၉၀ ခန့်အထိ ပိုမိုရရှိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာ၌ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် မတ် လအထိ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက် နှင့် ပုလဲထုတ်လုပ်မှုတို့မှ စုစုပေါင်းထုတ်လုပ် မှုတန်ဖိုးကျပ် ၇၃၉ ဒသမ ၀၈၆ ဘီလျံကျော် လျာထားပြီး စုစုပေါင်းတန်ဖိုး ကျပ် ၁၀၂၇ ဒသမ ၇၇၄ ဘီလျံကျော်အထိ ရရှိခဲ့သည့်အတွက် တန်ဖိုး ကျပ် ၂၈၈ ဒသမ ၆၈၇ ဘီလျံကျော် ပိုမိုရရှိ ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တစ်နှစ်အတွင်း ကျောက်မျက်ရတနာ လက်လုပ်လက်စား လုပ်ကွက်များ ချထားပေးနိုင်ရေးအတွက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်းနှင့် လက်လုပ်လက်စား လုပ်ကွက် ဧရိယာ သတ်မှတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး လုပ်ကွက်များ အကွက်ရိုက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာ့သတ္တုတွင်း နည်းဥပဒေအရ ပြည်ထောင်စုက ဓာတ်သတ္တုအကြီးစားနှင့် အလတ်စား ခွင့်ပြုမိန့် ချထားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက ဓာတ်သတ္တု အသေးစားနှင့် အလတ်စား ခွင့်ပြုမိန့်များကို စိစစ်ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက် ကစတင်ပြီး လုပ်ကွက်အသစ် လျှောက်ထားသူများကို ပြည်ထောင်စုနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြန်လည်လက်ခံစိစစ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာ ကဏ္ဍနှင့် စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ် ဇွန်တွင် ယူရိုငွေ ၃၃၃ ဒသမ ၂၈သန်းနှင့် နိုဝင်ဘာတွင် မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲမှ ကျပ် ၄၂ ဘီလျံကျော် ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁ ရက်အထိ ငါးလကျော်တွင် ပြည်ပသို့ ကျောက်စိမ်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၄၉ သန်းသာ ရရှိထားပြီး ယခင်နှစ် ကာလတူတွင်မှု အမေရိကန်ဒေါ်လာ ၅၄၇ ဒသမ ၁၅၃ သန်းအထိ တင်ပို့ထားသဖြင့် လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင် အမေရိကန်ဒေါ်လာ ၅၄၇ သန်း ခန့်အထိ လျော့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။                               

 

Most Read

Most Recent