ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ဆက်ရှိပြီး ရုံးခန်းငှားရမ်းမှုနှုန်း ၇၂ ရာခိုင်နှုန်းရှိကာ ငှားရမ်းခ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ဆက်ရှိပြီး ရုံးခန်းငှားရမ်းမှုနှုန်း ၇၂ ရာခိုင်နှုန်းရှိကာ ငှားရမ်းခ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း
ရန်ကုန်မြို့ရှိ ရုံးခန်းနေရာများနှင့် အရောင်းစင်တာများ ပါရှိသော Sule Square အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ရုံးခန်းနေရာများနှင့် အရောင်းစင်တာများ ပါရှိသော Sule Square အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 20 April 2019
စည်သူအောင်

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အထိ ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ဆက်ရှိပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ရုံးခန်းငှားရမ်းမှုနှုန်း မကွာခြားဘဲ ၇၂ ရာခိုင် နှုန်းရှိကာ ငှားရမ်းခ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) ၏အစီရင်ခံစာတွင် သုံးသပ်ထားသည်။

၂၀၁၈ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ်များ ထွက်ရှိလာမှုနှင့်အတူ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ရှိနေပြီး ၂၀၁၈ ခု နှစ်တစ်နှစ်လုံး စတုရန်းမီတာ ၃၀၀၀၀ ဝန်းကျင် အသစ်ထွက်ရှိခဲ့ခြင်းဖြစ်သည်။ လာမည့် ၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ် ထွက်ရှိမှု စတုရန်းမီတာ ၂၂၀၀၀၀ ကျော်ရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၂၁ နှစ်ကုန်တွင် ရုံးခန်းနေရာပေါင်း ၆၁၃၆၅၀ စတုရန်းမီတာရှိမည်ဟု ခန့်မှန်းထားသည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဝင်ရောက်လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းအချို့၏ လုပ်ငန်းတိုးချဲ့မှုများကြောင့် ရုံးခန်းနေရာလိုအပ်ချက် မြင့်မားသော်လည်း ငှားရမ်းမှုနှုန်းများ ရာခိုင်နှုန်း ၇၀ ကျော်တွင်သာ ရှိနေသည်။ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် စျေးကွက်ဝင်ပြီး ရုံးခန်းအဆောက်အအုံ နေရာများ၏ ၇၂ ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တတိယ သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ကွာခြားမှု မရှိသော်လည်း ငှားရမ်းခမှာ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

လက်ရှိ ရုံးခန်းအဆောက်အအုံ ငှားရမ်းခများသည် တစ်စတုရန်းမီတာလျှင် (တစ်လ) ဒေါ်လာ ၂၃ မှ ၅၈ ကြားရှိပြီး မြို့တွင်းနေရာများနှင့် အဆင့်မြင့် အဆောက်အအုံများသည် စျေးနှုန်းပိုမိုရရှိသည်။ အဆောက်အအုံ နေရာသစ်များ ထွက်ပေါ်မှု၊ စျေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာခြင်းများကြောင့် သက်တမ်းကြာမြင့်ပြီး အရည်အသွေးနိမ့်သည့် ရုံးခန်းအဆောက်အအုံ နေရာများသည် အနာဂတ်ကာလတွင် စျေးနှုန်းရရှိမှု ပိုမိုနည်းပါး လာမည်ဖြစ်သည်။ လက်ရှိစျေးကွက်အတွင်း ရုံးခန်းအဆောက်အအုံများ၏ ပျမ်းမျှငှားရမ်းခ စျေးနှုန်းသည် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ၃၈ ဒေါ်လာဝန်းကျင်ဖြစ်ပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ခြောက်ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကာ လာမည့် ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ပျမ်းမျှငှားရမ်းခနှုန်း ၃၈ ဒေါ်လာသာ ရှိမည်ဟု မျှော်မှန်းထားသည်။

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်းအ ဆောက်အအုံနေရာသစ် ထွက်ရှိမှုသည် လာမည့်သုံးနှစ်အတွင်း ဆက်လက် တိုးတက်လာမည်ဖြစ်ပြီး ၂၀၁၉ မှ ၂၀၂၁ ခုနှစ်အတွင်း စတုရန်းမီတာ ၂၂၅၇၀၀ အထိ ထပ်မံထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ အဆင့်မြင့်ရုံးခန်း အဆောက်အအုံများသည် ရန်ကုန်မြို့လယ်တွင် ၆ ရာခိုင်နှုန်း၊ ရန်ကုန်မြို့လယ် အနီးနေရာတွင် ၇၉ ရာခိုင်နှုန်း၊ ရန်ကုန်မြို့ပြင်တွင် ၁၅ ရာခိုင်နှုန်း တည်ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်ရုံးခန်း ငှားရမ်းမှု အများဆုံး လုပ်ငန်းများမှာ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းများက ၁၉ ရာခိုင်နှုန်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများက ၁၇ ရာခိုင်နှုန်း၊ အကြီးစား စက်မှုထုတ်ကုန် လုပ်ငန်းများက ၁၁ ရာခိုင်နှုန်း၊ သတင်းအချက်အလက် နည်းပညာ လုပ်ငန်းများက ၁၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

 

Most Read

Most Recent