ကမ္ဘာ့ရေနံစျေး တစ်စည် ၆၄ ဒေါ်လာခန့်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်း စက်သုံးဆီစျေးနှုန်း လေးလခွဲအတွင်း တစ်လီတာ ကျပ် ၁၄၀ မှ ၂၀၀ အထိ ဆက်တိုက် မြင့်တက်

ကမ္ဘာ့ရေနံစျေး တစ်စည် ၆၄ ဒေါ်လာခန့်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်း စက်သုံးဆီစျေးနှုန်း လေးလခွဲအတွင်း တစ်လီတာ ကျပ် ၁၄၀ မှ ၂၀၀ အထိ ဆက်တိုက် မြင့်တက်
ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 18 April 2019
စည်သူအောင်

ယခု ရက်သတ္တပတ်များအတွင်း ဒေါ်လာစျေး ကျပ် ၁၅၀၀ အထက်တွင် အတက်အကျ နည်းပါးသော်လည်း ကမ္ဘာ့ရေနံစျေးသည် ဧပြီ ၁၈ ရက်တွင် တစ်စည် ၆၄ ဒေါ်လာခန့်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်း စက်သုံးဆီစျေးနှုန်းသည် လေးလအတွင်း တစ်လီတာ ကျပ် ၁၄၀ မှ ကျပ် ၂၀၀ အထိ ဆက်တိုက် မြင့်တက်လာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ဧပြီ ၁၈  ရက်တွင် ပြည်တွင်း စက်သုံးဆီဆိုင် အများစုတွင် ရောင်းချနေသော စျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၉၉၀ ကျပ် (တစ်ဂါလန် ၄၅၀၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ၁၀၀၀ ကျပ် (တစ်ဂါလန် ၄၅၄၆ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၆၀ ကျပ် (တစ်ဂါလန် ၃၉၁၀ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၉၃၀ ကျပ် (တစ်ဂါလန် ၄၂၂၈ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီ စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇယ် တစ်လီတာ  ကျပ် ၁၄၀၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၄၅ ကျပ်၊ 92 Ron တစ်လီတာ ၁၉၀ ကျပ်၊ 92 Ron တစ် လီတာ  ကျပ် ၂၀၀ အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် လေးလခွဲအတွင်း ဒီဇယ်ဆီ ၁၆ ဒသမ ၄၇ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၆ ဒသမ ၉၅ ရာခိုင်နှုန်း၊ 92 Ron ၂၈ ဒသမ် ၃၅ ရာခိုင်နှုန်း၊ 95 Ron ၂၇ ဒသမ ၃၉ ရာခိုင်နှုန်း မြင့်တာလာခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှ စတင်၍ ကမ္ဘာ့ရေနံစျေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာ ဝန်းကျင်ရှိသော ကမ္ဘာ့ရေနံစျေးနှုန်းသည် တဖြည်းဖြည်း ဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်တွင် ၄၅ ဒေါ်လာ ဝန်းကျင်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊ မတ် ၂၀ ရက်တွင် ၆၀ ဒသမ ၂၃ ဒေါ် လာ၊ ဧပြီ ၁၆ ရက်တွင် ၆၄ ဒသမ ၀၅  ဒေါ်လာအထိ ဆက်လက် မြင့်တက်ခဲဲ့့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင် စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင် စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇယ် တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဒေါ်လာစျေး ကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရေနံ စျေးနှုန်း မြင့်တက်ခဲ့သောကြောင့် ပြည်တွင်း စက်သုံးဆီ စျေးကွက်တွင် ဇန်နဝါရီလအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ စျေးနှုန်းများ ပြန်လည် မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ကျပ် ၄၀ အထိ၊ မတ်လအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ၅၅ ကျပ်မှ ၈၀ အထိ စျေးနှုန်းများ ဆက်လက် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း စျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ  ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက် စျေးနှုန်း နှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉  ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent