သင်္ဃန်းကျွန်းမြို့နယ် သမဝါယမအသင်း ရုံးခန်း၌ အစည်းအဝေး ပြုလုပ်နေစဉ် အုပ်ချုပ်မှုဒါရိုက်တာအား အဖွဲ့ဝင်တစ်ဦးက သစ်သားတုတ်ဖြင့် ရိုက်နှက်မှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ် သမဝါယမအသင်း ရုံးခန်း၌ အစည်းအဝေး ပြုလုပ်နေစဉ် အုပ်ချုပ်မှုဒါရိုက်တာအား အဖွဲ့ဝင်တစ်ဦးက သစ်သားတုတ်ဖြင့် ရိုက်နှက်မှုဖြစ်ပွား
Published 13 September 2017

သင်္ဃန်းကျွန်းမြို့နယ် သမဝါယမအသင်း ရုံးခန်း၌ အစည်းအဝေး ပြုလုပ်နေစဉ် တာဝန်ယူရသည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြ ပြောဆိုနေသည်ကို အဖွဲ့ဝင်တစ်ဦးက မကျေမနပ်ဖြစ်ပြီး အုပ်ချုပ်မှုဒါရိုက်တာအား သစ်သားတုတ်ဖြင့် ရိုက်မှုဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် သမဝါယမအသင်း၌ အုပ်ချုပ်မှုဒါရိုက်တာ ဦး....(၆၃ နှစ်) သည် ၎င်းတို့၏ သမဝါယမရုံးခန်းတွင် ပြုလုပ်သည့် လပတ်ပုံမှန်အစည်းအဝေးအား တက်ရောက်ပြီး အစည်းအဝေးပြုလုပ်နေကြောင်း၊ ထိုသို့ပြုလုပ်နေစဉ် အဖွဲ့ဝင်များမှ လုပ်ငန်းကိစ္စများ တင်ပြဆွေးနွေးကြကြောင်း သိရသည်။

ထိုသို့ တင်ပြဆွေးနွေးစဉ် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦး.... (၇၄ နှစ်) မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦး... (၆၃ နှစ်) တာဝန်ယူရသည့်ကိစ္စအား တင်ပြဆွေးနွေးပြောဆိုသည်ကို မကျေမနပ်ဖြစ်ပြီး ထိုင်ရာမှထလာကာ အုပ်ချုပ်မှုဒါရိုက်တာအား လက်သီးဖြင့်ထိုးခဲ့ကြောင်း သိရသည်။

ယင်းနောက် အုပ်ချုပ်မှုဒါရိုက်တာမှာ ၎င်းအားထိုးကြိတ်ခဲ့သည့် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦး.... (၇၄ နှစ်) အား ပြန်လည်ထိုးကြိတ် သတ်ပုတ်ခဲ့သည့်အချိန်တွင် အခြားအဖွဲ့ဝင်များမှ ဝိုင်းဝန်းဖျန်ဖြေသဖြင့် ရန်ပွဲမှာ ပြီးဆုံးသွားကြောင်း သိရသည်။

ရန်ပွဲပြီးဆုံးသွားသဖြင့် အစည်းအဝေးအား ဆက်လက်ကျင်းပနေစဉ် အဖွဲ့ဝင် ဦး...(၇၄ နှစ်) မှ အစည်းအဝေးခန်းမ နောက်ကျောရှိ အခန်းအတွင်းသို့ ဝင်သွားခဲ့ပြီး သစ်သားတုတ်အား ယူဆောင်ကာ ၎င်းနှင့်ထိုးကြိတ်ခဲ့သည့် အုပ်ချုပ်မှုဒါရိုက်တာအား ပြေးရိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ရိုက်ခံရသဖြင့် အုပ်ချုပ်မှုဒါရိုက်တာ ဦး...(၆၃ နှစ်) မှာ ဦးခေါင်းဖူးရောင်နာကျင်၊ ဝဲခြေသလုံးနာကျင်၊ ဝဲ/ယာ လက်ချောင်းများ ပွန်းပဲ့နာကျင်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် လက်တွင်ဝတ်ဆင်ထားသည့် ကျောက်စိမ်းလက်စွပ်မှာ ကျောက်ပြုတ်ထွက်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ အဖွဲ့ဝင်ဖြစ်သူ ဦး...(၇၄ နှစ်) အားအရေးယူပေးရန် အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦး....(၆၃ နှစ်) က တရားလိုပြုလုပ်ပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ထိုသို့တိုင်ကြားသဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းက (ပ) ၈၂၉ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၄၂၇/၅၀၆ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent