မြန်မာသေနတ်ပစ်လက်ရွေးစင် ရဲထွန်းနောင်နှင့် တွေ့ဆုံခြင်း

 

‘ဆီးဂိမ်းစ်ပထမဆုံး ရွှေတံဆိပ်ဆုအတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ’

 

ဆီးဂိမ်းစ်ပြိုင်ပွဲ ရွှေဆုမျှော်မှန်းတဲ့ အားကစားနည်းတွေထဲမှာ သေနတ်ပစ်အားကစားနည်း ပါဝင်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ဖူးတဲ့ လက်ရွေးစင်ကစားသမား ရဲထွန်းနောင်က ရွှေဆုရယူနိုင်ဖို့ အလားအလာကောင်းသူအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့  လေ့ကျင့်ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ရဲထွန်းနောင်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 

မေး – မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်ထားတာနဲ့ပတ်သက်ပြီး ပြောပေးပါဦး။

ဖြေ – (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက လေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်နှစ်ကျော်ရခဲ့ပြီး အကောင်းဆုံး အနေအထားရအောင် လေ့ကျင့်ပြင်ဆင်ထားပါတယ်။ လက်ရှိအနေအထားကို ကိုယ့်ကိုယ်ကိုယ်လည်း အားရကျေနပ်ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ တစ်ခုခုလုပ်ပြနိုင်မယ်လို့ ထင်ပါတယ်။

 

မေး – ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်ခင် နိုင်ငံတကာပြိုင်ပွဲတွေ၊ ပြည်ပလေ့ကျင့်ရေးခရီးစဉ်တွေ သွားရောက်ဖြစ်ခဲ့သေးလား။

ဖြေ – မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အရှေ့ တောင်အာရှချန်ပီယံရှစ် သေနတ်ပစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ငွေတံဆိပ်တစ်ခုရခဲ့ပြီး မီတာ ၅၀ စိတ်ကြိုက် ပစ္စတိုပြိုင်ပွဲမှာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လမှာတော့ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အပြီးသတ်လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ တရုတ်နိုင်ငံမှာ သွားရောက်လေ့ကျင့်ခဲ့ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကောင်းမွန်တဲ့ပြင်ဆင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

 

မေး – သေနတ်ပစ်လောကထဲ စတင်ရောက်ရှိခဲ့ပုံကိုလည်း ပြောပြပေးပါဦး။

ဖြေ – ကျွန်တော်က တပ်မတော်သားတစ်ဦး ဖြစ်တဲ့အတွက် သေနတ်နဲ့တော့ ရင်းနှီးကျွမ်းဝင်မှု ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်ပထမဆုံး ကစားတဲ့ အားကစားနည်းက သေနတ်ပစ် မဟုတ်ပါဘူး။ ခြင်းလုံးအားကစားနည်းပါ။ နောက်ပိုင်းမှ သေနတ်ပစ်ပြိုင်ပွဲကို ပြောင်းလဲ ကစားဖြစ်ခဲ့တာပါ။

 

မေး – သေနတ်ပစ် ကစားသမားဘ၀ အတွေ့အကြုံလေးတွေလည်း ပြောပေးပါဦး။

ဖြေ – ၂၀၁၂ ခုနှစ်မှာ မြန်မာ့လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာ နိုင်ငံတကာပြိုင်ပွဲတွေ စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အမြင့်ဆုံးပြိုင်ပွဲတွေအနေနဲ့ အာရှအား ကစားပြိုင်ပွဲ၊ ကမ္ဘာ့ဖလား သေနတ်ပစ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ မှတ်မှတ်ရရကတော့ ၂၀၁၅ ကမ္ဘာ့ဖလား သေနတ်ပစ်ပြိုင်ပွဲမှာ ဒုတိယဆု ရခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်တွေက ကျွန်တော့်ကို အထင်သေးတာလည်းဖြစ်နိုင်ပါတယ်။ ဂရုမစိုက်ဘဲ ကစားခဲ့ကြပြီး ကျွန်တော်က တစ်ပွဲထက်တစ်ပွဲ ပိုကောင်းအောင် ပစ်နိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့အတွက် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

 

မေး – ဆီးဂိမ်းစ်ပြိုင်ပွဲ အတွေ့အကြုံပြောပေးပါဦး။

ဖြေ – ဆီးဂိမ်းစ်ပြိုင်ပွဲကို သုံးကြိမ်မြောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်းစ်နဲ့ စင်ကာပူမှာ ကျင်းပတဲ့ ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင် ဖူးပါတယ်။ ၂၀၁၃ ပြိုင်ပွဲမှာ တစ်ဦးချင်း ငွေ တံဆိပ်၊ ၂၀၁၅ ပြိုင်ပွဲမှာ အသင်းလိုက် ကြေး တံဆိပ်ရခဲ့ပါတယ်။

 

မေး – မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲအတွက်ရော ယုံကြည်မှုရှိနေပြီလား။

ဖြေ – တရုတ်လေ့ကျင့်ရေးခရီးစဉ်အပြီးမှာ ပိုပြီးအားရလာပါတယ်။ အစွမ်းကုန်ကြိုးစားထားပြီး သေချာလေ့ကျင့် ပြင်ဆင်ထားပါတယ်။

 

မေး – လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူနိုင်မယ်လို့ ထင်ပါသလား။

ဖြေ – ကျွန်တော့်ရဲ့ မျှော်လင့်ချက်က ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ပါ။ ဒါကြောင့်လည်း ကျွန်တော် ကြိုးစားနေတာပါ။ လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပြိုင်ပွဲနှစ်မျိုး ယှဉ်ပြိုင်မှာဖြစ်ပြီး ရွှေဆု မျှော်မှန်းထားပါတယ်။