နှင်းဆွတ်လေ ...သို့

နှင်းဆွတ်လေ ...သို့
Published 28 February 2018

ဓာတ်ပုံ-အောင်သူထွန်း (ကလေးမြို့)

အို နှင်းဆွတ်လေ ....။ မင်းနဲ့အတူ ခဏတာ ခင်မင်ရင်းနှီးခဲ့တဲ့ အချိန်ကာလလေးတွေကို သတိရနေမိပါတယ်ကွာ။ မင်းသိတဲ့အတိုင်း ငါဟာ မြေပြန့်သားတစ်ယောက်ပါ။ ငါတို့ရဲ့ အရပ်မှာတော့ ဖုန်တွေ အမှိုက်တွေ မီးခိုးတွေကြော်နံ့ညှော်နံ့တွေ ရောနှောပေါင်းစပ်ထားတဲ့ လေကိုပဲ နေ့စဉ်ရှူနေရတာ မဟုတ်လား။ အခုလို မင်းတို့ရဲ့ တောင်ပေါ်ဒေသလေးကို ခေတ္တခဏ အလည်လာခွင့်ရတဲ့အခိုက် မင်းနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ဆုံခွင့်ရလိုက်တာကို ဝမ်းသာလို့ မဆုံးပါဘူး။ နှင်းဆွတ်လေ ရေ .... နှင်းရနံ့တွေ ဆွတ်ပျံ့နေတဲ့ မင်းရဲ့ ကိုယ်သင်းရနံ့လေးကို ရှူရှိုက်ရတာ တကယ့်ကို ကြည်နူးချမ်းမြေ့စရာပါပဲ။

မြူတွေ ဆိုင်းနေတဲ့ တောင်ပေါ်ဒေသကို ခြေချမိတယ်ဆိုရင်ပဲ ဆွတ်ပျံ့တဲ့ နှင်းရနံ့တွေ နဲ့ မင်းရဲ့ လက်အစုံက ငါ့ကို ပွေ့ဖက်လို့ ဆီးကြိုနှုတ်ဆက်လိုက်ပါတယ်။ အို ငါ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါသွားပါရောလား။  ကြည့်စမ်း မြေပြန့်မှာ မရနိုင်တဲ့ တောင်ပေါ်ရဲ့ ရသ။ တောင်ပေါ်ရဲ့ အလှ။ တောင်ပေါ်ရဲ့ ဘဝ။ တကယ်တော့ မင်းဟာ နှင်းတွေကို သယ်ဆောင်လာသူ နှင်းရနံ့တွေ လိမ်းကျံထားသူပဲ။ ငါလေ မင်းရဲ့ ပွတ်သပ်ချော့မြှူ ကလူကျီစယ်မှုနောက် ကောက်ကောက်ပါအောင် လိုက်သွားမိတယ်။ နှင်းဆွတ်လေရေ မင်းသိရဲ့လား မြေပြန့်သားတစ်ယောက် တောင်ပေါ်မှာ ပျော်သွားအောင် တောင်ပေါ်ကို ချစ်သွားအောင် မင်း စွမ်းဆောင်နိုင်ခဲ့ပါပေတယ်။

နှင်းဆွတ်လေရေ .... တောင်တွေ ပတ်ပတ်လည်ဝိုင်းနေတဲ့ တောင်ခိုးတွေကြားထဲက မြို့လေးတစ်မြို့ထဲ ရောက်ရှိနေတဲ့အဖြစ်ဟာ အိပ်မက်ဆန်လှပါတယ်။ ပြောရရင် ငါတို့ နိုင်ငံရဲ့ အရှေ့မြောက်အရပ်မှာ ရှိတဲ့မြို့ကလေးပေါ့။ ပြီးတော့ သစ်သီးပွဲရုံတွေရှိတဲ့မြို့။ တရုတ်ပြည်နဲ့လည်း နယ်နိမိတ် ထိစပ်နေတဲ့ မြို့ဆိုရင်လည်း မမှားပါဘူး။ ငါတော့ အဲဒီမြို့ လေးမှာနေခဲ့ရတဲ့ ငါးရက်တာ အချိန်ကာလလေးကို ဘယ်တော့မှ မေ့တော့မယ်မထင်ပါဘူးကွာ။ ပြီးတော့ အဲဒီမြို့လေးက ချစ်စရာကောင်းတဲ့လူတွေရဲ့ ရိုးသားပွင့်လင်းမှု၊ ခင်မင်ရင်းနှီးမှုကိုလည်း အမြဲသတိရနေမှာ သေချာပါတယ်။ နှင်းဆွတ်လေရေ အမှန်ပြောရရင် ငါတို့ဟာ တစ်နိုင်ငံတည်း တစ်မြေတည်း တစ်ရေတည်း မွေးဖွားကြီးပြင်းလာသူတွေ ဖြစ်ပါလျက် တောင်ပေါ်နဲ့ မြေပြန့် အသွားအလာ အကူးအသန်း အတွေ့အဆုံ အထိအတွေ့ နည်းပါးလွန်းခဲ့ပါတယ်။ ဥပမာပြောရရင် တစ်အိမ် တည်းအတူတူနေထိုင်ကြပါလျက် တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောဘဲ ကျောခိုင်းထိုင်နေမိတဲ့ သူတွေလိုပါပဲ။ အခု ကြည့်စမ်း မြေပြန့်သားဖြစ်တဲ့ငါတို့ တောင်ပေါ်သားဖြစ်တဲ့သူတို့ရဲ့ နေရာကို ရောက်ရှိနေတာ ဘယ်လောက် ဝမ်းသာစရာကောင်းလဲ။ ဘယ်လောက်ကြည်နူးစရာကောင်းလဲ။

နှင်းဆွတ်လေ မင်းသိလား။ ငါ မင်းတို့ရဲ့ မြို့လေးကို ရောက်နေစဉ်တစ်လျှောက်လုံးမှာ 'တိုင်းရင်းသား' ဆိုတဲ့စကား 'သွေးချင်း သားချင်း' ဆိုတဲ့ စကားတွေရဲ့ အဓိပ္ပာယ်ကို အပြန်ပြန်အလှန်လှန် စဉ်းစားတွေးတောနေမိတယ်။ မင်း စဉ်းစားကြည့်။ မြေပြန့်သား တောင်ပေါ်သားအားလုံးဟာ 'မြန်မာပြည်' ဆိုတဲ့ မိခင်ကြီးက ဆင်းသက်ပေါက်ဖွားလာတဲ့ သွေးတူသားတူ သွေးချင်းသားချင်းတွေပဲ မဟုတ်လား။ တကယ်တော့ ငါတို့ဟာ တစ်မအေတည်းက မွေးလိုက်တဲ့ ညီအစ်ကိုမောင်နှမတွေပါကွာ။ မင်း ယုံချင်မှယုံပါ နှင်းဆွတ်လေ။ ငါလေ အဲဒီမြို့လေးထဲရောက်နေစဉ် တစ်လျှောက်လုံး ဘယ်နေရာသွားသွား သူတို့နဲ့ တွေ့ပါတယ်။ သူတို့နဲ့ တွေ့တိုင်း ငါ ဝမ်းသာတယ်။ ငါ ကြည်နူးမိတယ်။ ပီတိဖြစ်မိတယ်။ ငါ သူတို့ကို လိုက်ကြည့်တယ်။ သူတို့ သွားပုံလာပုံ။ စားပုံ သောက်ပုံ။ နေပုံ ထိုင်ပုံ၊ ပြောပုံ ဆိုပုံ။ သူတို့ ကလည်း  ငါ့ကို ပြန်ကြည့်တယ်။ ငါ ပြုံးပြတော့ သူတို့လည်း ပြန်ပြုံးပြတယ်။ ငါတို့ရဲ့ အပြုံးတွေဟာ လမ်းခုလတ်မှာ ဆုံတွေ့မိကြတယ်။ အပြုံးချင်း လက်ဆွဲနှုတ်ဆက်ကြတယ်။ အပြုံးချင်း ပွေ့ဖက်ကြတယ်။ အပြုံးတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြတယ်။ ဖယောင်းတိုင်တစ်တိုင်ရဲ့ အလင်းဟာ ဖယောင်းတိုင်ပေါင်းများစွာကို အလင်းဝေမျှ ပေးနိုင်သလိုပါပဲ။ အပြုံးတစ်ခုက အပြုံးပေါင်းမြောက်မြားစွာကို မွေးဖွားပေးလိုက်ပါတယ်။ နှင်းဆွတ်လေ မင်းကြည့်လိုက်စမ်း။ ဟိုမှာလည်း အပြုံး ဒီမှာလည်း အပြုံး ဟောဟိုမှာလည်း အပြုံး။ အပြုံးတွေ အပြုံးတွေ။ မရေတွက်နိုင်တဲ့ အပြုံးတွေ။ မင်းသိလား။ ငါ့ အတွေးထဲမှာ အသိဉာဏ်တစ်ခု လက်ခနဲ ဖြာသွားတယ်။ အဲဒါ ဘာလဲဆိုတော့ တစ်ယောက်က စပြုံးလိုက်ဖို့ပါပဲ။ ကိုယ်ကသာ စပြုံးပြလိုက်။ ကျန်တဲ့သူတွေ လိုက်ပြုံးဖို့ရာ ဝန်မလေးတော့ပါဘူး။

အို နှင်းဆွတ်လေရေ။ ငါ အဲဒီမှာပဲ အဖြေတစ်ခု တွေ့လိုက်ရသလို ပျော်ရွှင်သွားမိပါတယ်။ ငါတို့ စပြုံးပြနိုင်ဖို့ လိုတယ်။ ကိုယ်က အရင်ဦးအောင် ပြုံးပြနိုင်ဖို့လိုတယ်။ ဖတ်ဖူးတဲ့ အဆိုအမိန့်တစ်ခုကိုလည်း သွားသတိရမိတယ်။ 'ပြုံးတယ်ဆိုတာ ကိုယ်က ဘာမှ သိပ် မပေးရဘဲ တစ်ဖက်သားကတော့ အများကြီး ရသွားတယ်' တဲ့။ တကယ်တော့ သူတို့အပြုံးက သိပ်ချစ်စရာကောင်းတယ်ကွ နှင်းဆွတ်လေရဲ့ မင်းသိလား။ သူတို့က ဟန်ဆောင်မပြုံးဘူး။ စိတ်ပါလက်ပါ ပြုံးတာ။ ဝတ်ကျေတမ်းကျေ မပြုံးဘူး။ ရိုးရိုးသားသား လေးလေးနက်နက် ပြုံးတာ။ ပြီးတော့ သူတို့က ဖော်ရွေတယ်။ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ ငါ ချစ်တာ သူတို့အသံဝဲ၀ဲလေးတွေပဲ။ မြန်မာစကားကို တိုင်းရင်းသားသံဝဲ၀ဲလေးနဲ့ ပြောတာ အရမ်းနားထောင်လို့ကောင်းတယ်။ နှင်းဆွတ်လေ မင်းတစ်မျိုးတော့ မထင်ပါနဲ့၊ သူတို့ စကားပြောသံကို နားထောင်ရတာ မင်းနဲ့ထိ တွေ့ရသလိုပါပဲ။ မင်းနဲ့ထိတွေ့ရတဲ့အခါ ပထမဆုံး အေးသလို ခံစားရတယ်။ နောက်တော့ တဖြည်းဖြည်း နွေးသွားတယ်မဟုတ်လား။ ခုလည်း အဲဒီလိုပါပဲ။ သူတို့အသံဝဲ၀ဲလေးတွေက နားထဲမှာ အေးတေးတေးလေးနဲ့ နွေးပြီးဆင်းသွားတယ်လို့ ငါ ခံစားလိုက်ရပါတယ်။ ပြီးတော့ ပြောဦးမယ်။  သူတို့ ပြုံးလိုက်ပုံကတော့ ပန်းကလေး ငုံနေရာက ဖူးပွင့်လာသလိုပဲ သိလား။ နှင်းဆွတ်လေ မင်းပြုံးလိုက်သလား။ ငါ့ကို လွန်လွန်းရန်ကော နည်းနည်းတော့ လျှော့ပါဦးလို့ မင်းပြောချင်နေသလား။ ငါက သူတို့ တည်ခင်းဧည့်ခံတာတွေ  စားကောင်း သောက်ကောင်းအောင် ဟိမဝန္တာချီး မွမ်းခန်းဖွင့်နေတယ်လို့များ မင်း စွပ်စွဲချင်နေသလား။ သူတို့ရဲ့ အမူအရာတွေကိုသာ အသေးစိတ် မင်းလိုက်ကြည့်ထားမယ်ဆိုရင် မင်းလည်း ငါ့လိုပဲ ချီးမွမ်းခန်းဖွင့်မိမှာ သိပ်သေချာတာပေါ့ကွာ။

နှင်းဆွတ်လေ ငါလေ သူတို့ နှုတ်ဆက်ပွဲ လုပ်ပေးတဲ့ ညလေးကိုလည်း သွားသတိရမိသေးတယ်ကွ။ အမှတ်ရစရာ ညလေးပါပဲကွာ။ တကယ်ပြောတာပါ။ သူတို့မြို့လေးမှာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဆိုတာ ရှိတယ်။ အဲဒီမှာ သီးနှံတွေ အရောင်းအဝယ်လုပ်တဲ့ ကွင်းရှိတယ်။ တောင်ထိပ်ကို ညှိပြီး ကွင်းလုပ်ထားတာပေါ့။ အဲဒီကွင်းပြင်မှာ နှုတ်ဆက်ပွဲအနေနဲ့ မီးပုံပွဲလုပ်တော့ ငါတို့အားလုံး လာကြတာပေါ့ကွာ။ ဘာပြောကောင်းမလဲ။ အဲဒီညမှာ အမြူးဆုံးက မင်းပဲ မဟုတ်လား နှင်းဆွတ်လေ။ တစ်ကွင်းလုံးပတ်ပြီး မင်းစိတ်ကြိုက် မွှေနေတာလေ။ ငါတု့ိမှာ အနွေးထည်ဇစ်ကို လည်ပင်းအထိစေ့ပိတ်လို့။ တစ်ကိုယ်လုံးလည်း ခိုက်ခိုက်တုန်လို့။ မင်းကတော့ ငါတို့ကို ကြည့်ပြီး ကျိတ်ရယ်နေမှာပေါ့လေ။ အစား အသောက်တွေကတော့ အလျှံပယ်ပါပဲကွာ။ စွပ်ပြုတ်အိုးထဲမှာ ကြက်ရော ဝက်ရော ဘာရော ညာရော စုံပလုံခတ်ပြီး အငွေ့တထောင်းထောင်နဲ့ပေါ့။ အကြွပ်ကြော် အကင်ကြော် အသားကြော်တွေကလည်း စားပွဲဝိုင်းအပြည့်။ သောက်စရာတွေကလည်း ထုံးစံအတိုင်း ယစ်ရွှေရည်က အပြင်းရော အပျော့ရောစုံပါ့။ ခေါင်ရည်အချိုရည် ဘာရည် ညာရည်တွေ ပွက်ပွက်ညံပေါ့။ မိုက်ကိုင်ပြီး သီချင်းဆိုတဲ့သူက ဆို။ အူမြူးပြီး ထအော်တဲ့သူ က အော်။ ပျော်လွန်းလို့ ခုန်ပေါက်တဲ့သူက ပေါက်။ အော်ကြီးဟစ်ကျယ် စကားပြောပြီး ရယ်တဲ့သူက ရယ်။ မီးပုံကို ဝိုင်းပတ်ပြီးကတဲ့ သူက ကလို့ပေါ့လေ။

သူတို့ကတော့ အေးအေးဆေးဆေးပဲ။ သူတို့အရပ်နဲ့ သူတို့ဇာတ်။ သူတို့ဓလေ့ရိုးရာနဲ့ သူတို့ နေပုံထိုင်ပုံက ဟန်ကိုကျလို့။ အဲဒီမှာ နေမထိ ထိုင်မသာ ဖြစ်တာကတော့ ငါတို့ပဲ။ နှင်းဆွတ်လေရေ မင်းသိပါတယ်ကွာ။ ညည့်နက်လေ ငါတို့မှာ ပိုပြီး ကုပ်လာလေပဲ။ တောင်ထိပ်ပေါ်မှာဆိုတော့ မင်းကလည်း အစွမ်းပြလို့ကောင်းလေ မဟုတ်လား။ သိပ်မကြာပါဘူး။ မီးပုံကို ဝိုင်းပတ်ကနေတဲ့ သူတို့အုပ်စု ငါတို့ထိုင်နေတဲ့နေရာကို ရောက်လာပါလေရော။ “ဟာ ဆရာတို့ ဆရာမတို့ ဒီအတိုင်း ထိုင်နေလို့မရဘူးလေ အချမ်းပြေအောင် ကမှပေါ့။ လာ အတူတူကရအောင်” ဆိုပြီး ငါတို့ လက်တွေကို လာဆွဲတော့တာပါပဲ။ အို နှင်း ဆွတ်လေရဲ့။ မင်းပဲ စဉ်းစားကြည့်ပါဦး။ ငါတို့မှာ ငြင်းဆန်ရခက် လက်ခံရခက်နဲ့ တော်တော် ဂွကျတာပဲကွ။ ဒါပေမဲ့ ရိုးသားပွင့်လင်းတဲ့ သူတို့မျက်နှာတွေ ကြည့်ပြီး  ငါတို့နဲ့အတူတူ မီးပုံကို ဝိုင်းပတ်ပြီး ခြေလှုပ် လက်လှုပ် ကရတော့တာပါပဲကွာ။ အောင်မာ သူတို့လို လိုက်ကတော့လည်း အဟုတ်သား မောင်။ စောစောက အအေးဒဏ် ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ နှင်းဆွတ်လေရေ မင်းကတော့ ငါတို့ကို ကြည့်ပြီး လှောင်ရယ်ရယ်နေမှာပဲနော်။ သူတို့နဲ့အတူ မီးပုံကိုပတ်ပြီး ကနေတဲ့ ငါ့အုပ်စုထဲက လူတွေကို ကြည့်ပြီး ငါ  ပြုံးမိ တယ်။ ငါ့အုပ်စုကလည်း ငါ့ကို ကြည့်ပြီး ပြုံးကြမှာ သေချာပါတယ်။ ငါတို့ရဲ့ အိုးနင်း ခွက်နင်း ကိုးရိုးကားရားအကက သူတို့ရဲ့ အကလောက်တော့ ကြည့်ကောင်းမှာ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ နှင်းဆွတ်လေရဲ့၊ ငါ စဉ်းစားကြည့်မိတယ်။ ငါတို့အားလုံးဟာ ဘယ်လိုပဲ ကပုံ ကနည်း မတူကွဲပြားဖြစ်နေပါစေဦး။ မီးပုံကြီးကို ပတ်ပြီး လှည့်လည်ကနေကြတဲ့ ရည်ရွယ်ချက်ကတော့ မကွဲမပြား တစ်သားတည်း တစ်ထပ်တည်းပါပဲ။ ဒီနေရာမှာ ငါ ပြောချင်တာကို မင်း သဘောပေါက်မယ် ထင်ပါတယ် နှင်းဆွတ်လေရေ။ ငါတို့နဲ့ သူတို့ ဓလေ့ရိုးရာ ဘာသာစကား ကွဲပင်ကွဲငြား တစ်ခုတည်းသော သံစဉ်နဲ့ တစ်ပုဒ်တည်းသော သီချင်းကိုသာ သံပြိုင်ဆိုကြမယ်ဆိုရင် 'အကောင်းဆုံး သရုပ်ဖော်ပြကွက်တစ်ခု' အဖြစ် ပေါ်ထွက်လာမှာ မလွဲဧကန်ပါပဲ။ အရေးကြီးဆုံးက အတူတူ ဝိုင်းပတ်ကကြဖို့ပါပဲ။

နှင်းဆွတ်လေရေ။ ညည့်နက်လေ အအေးပိုလာလေ ဆိုပေမယ့် ချွေးတပြိုက်ပြိုက် နဲ့ စည်းချက်အလိုက် ကနေကြတဲ့ ငါတို့အားလုံးရဲ့ မျက်နှာပေါ်မှာ အပြုံးတွေဝေလို့ပါလား။ မင်းရဲ့အနွေးဓာတ်နဲ့ ငါတို့မျက်နှာပေါ်က ချွေးစက်တွေကို ပွတ်သပ်လို့ သုတ်ပေးလှည့်ပါလားကွယ်။။

Most Read

Most Recent