နောက်ဆုံး Season  ဖြစ်သည့် Squid Game 3 ကို ဇွန် ၂၇ ရက်တွင် Netflix မှ ပြသမည်

နောက်ဆုံး Season  ဖြစ်သည့် Squid Game 3 ကို ဇွန် ၂၇ ရက်တွင် Netflix မှ ပြသမည်
Published 31 January 2025

ကမ္ဘာကျော်တောင်ကိုရီးယား ဇာတ်လမ်းတွဲ Squid Game ၏ နောက်ဆုံး Season ဖြစ်သည့် Season 3 ကို ဇွန်လ ၂၇ ရက်တွင် ထုတ်လွှင့်ပြသမည်ဟု Netflix က ဇန်နဝါရီ ၃၀ ရက်တွင် ကြေညာလိုက်သည်။

Netflix တွင် ရှေ့ဆက်ပြသမည့် Next on Netflix အစီအစဉ်တွင် ကြေညာသွားခြင်းဖြစ်ပြီး အမြည်းအဖြစ် ဗီဒီယိုဖြတ်ပိုင်းတစ်ခုကိုပါ ပြသခဲ့သည်။

ဆုငွေကိုရီးယားဝမ် ၄၅ ဒသမ ၆ ဘီလျံကို တပ်မက်ပြီး ရှုံးသည်နှင့်အသတ်ခံရမည်ကို မသိဘဲ ဂိမ်းပွဲတစ်ခုကို ဝင်ပြိုင်ကြသူများအကြောင်း ရိုက်ကူးထားသည့် Squid Game ဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ တွင် Netflix မှ ပြသခဲ့ရာ ထုတ်လွှင့်ပြီး ၂၈ ရက်အတွင်း ကြည့်ရှုသူ ၁၁၁ သန်းအထိရှိခဲ့ကာ Netflix ၏ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲ ဖြစ်လာခဲ့သည်။သို့သော် ရက်စက်ကြမ်းကြုတ်သည့် သွေးထွက်သံယို ပြကွက်များပါသည့်အတွက် အသက် ၁၅ နှစ်အောက် ကလေးများ မကြည့်သင့်ဟု သတ်မှတ်ထားသည်။ Season 1 ကြောင့်လည်း Netflix ကို အားပေးသည့် ပရိသတ်ဦးရေ တိုးလာခဲ့သည်။

Season 2 ၏ အောင်မြင်ချက်ကလည်း ဒီဇင်ဘာ ၂၆ ရက်နေ့တွင် စတင်ထုတ်လွှင့်ပြီး ပြီးချင်း နိုင်ငံပေါင်း ၉၂ နိုင်ငံတွင် လူကြည့်အများဆုံး နံပါတ်တစ်ဇာတ်လမ်းတွဲ ဖြစ်လာခဲ့သည်။Season 3 တွင် ခေါင်းဆောင်မင်း သားအဖြစ် လီဂျောင်ဂျေးပင် ပြန်ပါလာသည်။

သို့သော် Season 2 တွင် ပရိသတ်အများစုက BigBang အဖွဲ့ဝင်ဟောင်း  ရက်ပ်အဆိုတော် TOP ၏ သရုပ်ဆောင်မှု ညံ့သည်ဟု ဝေဖန်ခဲ့ကြသည်။ဇာတ်လမ်းထဲတွင် တီအိုပီ၏ ဆေးသမားဇာတ်ရုပ်က လက်တွေ့ ဘဝ တီအိုပီ၏ အရှုပ်တော်ပုံများနှင့် ကိုက်ညီနေသဖြင့် ပရိသတ်က ပိုမကြိုက်ကြပေ။တီအိုပီ သည် ၂၀၁၇ ခုနှစ်က ဆေးခြောက်သုံးမှု ပြစ်ချက်ဖြင့် ဆိုင်းငံ့ထောင်ဒဏ် ၁၀ လ ချမှတ်ခံခဲ့ရသည်။

Season 3 တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် လီယိုနာဒို ဒီကာပရီယို ပါဝင်မည်ဆိုသည့် သတင်းများ ထွက်လာသော်လည်း ကောလာဟလပါဟု Netflix က ပြန်ငြင်းခဲ့သည်။ Netflix က ဇန်နဝါရီ ၁ ရက်နေ့ကတည်းက Season 3 ပိုစတာပုံကို ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။

ပုံထဲတွင် Red Light, Green Light ဂိမ်းမှ အရုပ်မ Young Hee အပြင် Chul Su ဟုခေါ်သည့် အမျိုးသားအရုပ်ပါ ပါဝင်လာသည်။အရုပ်နှစ်ရုပ်စလုံးက အတူတူ၊ ချောက်ချားစရာကောင်းလှသည်။

Most Read

Most Recent