လှလှပပ ကစားရန်ထက် အနိုင်ရရှိရန်သာ အရေးကြီးကြောင်း ပြင်သစ်အသင်းတိုက်စစ်မှူး ဂရီးဇ်မန်း ပြောကြား

လှလှပပ ကစားရန်ထက် အနိုင်ရရှိရန်သာ အရေးကြီးကြောင်း ပြင်သစ်အသင်းတိုက်စစ်မှူး ဂရီးဇ်မန်း ပြောကြား
Published 15 July 2018

Photo: Getty Images

ပြင်သစ်အသင်းတိုက်စစ်မှူး ဂရီးဇ်မန်းက အသင်း၏ ကစားကွက်အပေါ် ဝေဖန်နေမှုများကို ဂရုမစိုက်ကြောင်းနှင့် ကစားကွက် လှပရန်ထက် အနိုင်ရရှိရန်သာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံအသင်းအား (၁-ဝ)ဂိုးဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ပြင်သစ်အသင်း၏ ကစားကွက်နှင့် ပတ်သက်ပြီး ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

သို့သော် ဂရီးဇ်မန်းက ခရိုအေးရှားအသင်းနှင့် ကစားမည့်ပွဲစဉ်တွင်လည်း အသင်းသာ အနိုင်ရမည်ဆိုပါက မည်သည့်ကစားဟန်ဖြင့် ကစားသည်ဖြစ်စေ ဂရုမစိုက်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂရီးဇ်မန်းက "ကော်တိုအာက အက်သလက်တီကိုမှာ ကစားခဲ့တယ်။ အခု ချယ်လ်ဆီးမှာ ကစားနေတယ်။ အဲဒီအသင်းတွေက ဘာစီလိုနာအသင်းလို ကစားနေလို့လား။ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ပြင်သစ်အသင်းရဲ့ ဂျာစီမှာ နှစ်ပွင့်မြောက်ကြယ်ပွင့်(ကမ္ဘာ့ဖလားရ အသင်းများသာ ကြယ်ပွင့် တပ်ဆင်ခွင့်ရှိသည်)ကို တပ်ခွင့်ရချင်တယ်။ ကြယ်ပွင့်သာ တပ်ဆင်ခွင့်ရခဲ့မယ်ဆိုရင် ဗိုလ်လုပွဲမှာ ကျွန်တော်တို့ ဘယ်လိုပဲကစားခဲ့တယ်ဆိုတာမျိုးကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂရီးဇ်မန်းက ၎င်းတို့အသင်းမှာ လက်ရှိတွင် ခံစစ်ကစားကွက်ကို အလေးပေးကစားနေသော်လည်း တိုက်စစ်အားသန်သည့် အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent