ဘယ်လ်ဂျီယံအား အနိုင်ကစားရန် အင်္ဂလန်အသင်းကို အင်္ဂလန်ဂန္ထဝင်များ တိုက်တွန်း

ဘယ်လ်ဂျီယံအား အနိုင်ကစားရန် အင်္ဂလန်အသင်းကို အင်္ဂလန်ဂန္ထဝင်များ တိုက်တွန်း
Published 13 July 2018

Photo: Getty Images

ကမ္ဘာ့ဖလား တတိယနေရာလုပွဲတွင် ဘယ်လ်ဂျီယံအသင်းအား အနိုင်ကစားရန် အင်္ဂလန်အသင်းဂန္ထဝင်များက ဆောက်ဂိတ်၏ အင်္ဂလန်အသင်းကို တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

အင်္ဂလန်အသင်းနည်းပြဟောင်း တယ်ရီဗာနေဘယ်၊ အင်္ဂလန်ဂန္ထဝင် ကစားသမားများဖြစ်သည့် မာတင်ကီယွန်နှင့် အလန်ရှီယားတို့က ကြေးတံဆိပ်ဆု ရယူခဲ့ရန် အင်္ဂလန်အသင်းကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်အသင်းနောက်ခံလူဟောင်း မာတင်ကီယွန်က "ဆောက်ဂိတ်အနေနဲ့ ဘယ်လ်ဂျီယံနဲ့ ပွဲမှာ ပထမအသင်းကို ပွဲထုတ်ဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ အဓိကရည်မှန်းချက်က ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ဖြစ်ပေမယ့် အခုက တတိယနေရာရဖို့ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ နိုင်လိုစိတ်ကို တည်ဆောက်ဖို့ဆိုရင် စတုတ္ထနဲ့ ကျေနပ်နေလို့ မဖြစ်ပါဘူး။ ဒါက ပြိုင်ပွဲမှာ အဆင့်ကောင်းကောင်းနဲ့ ရပ်တည်နိုင်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဟာရီကိန်းကလည်း လူကာကူကို ကျော်ပြီး ရွှေဖိနပ်ဆုကို လိုချင်မှာပါ။ ပြီးတော့ အင်္ဂလန်အနေနဲ့ ဘယ်လ်ဂျီယံအသင်းထက် ပိုကောင်းတယ်ဆိုတာကို သက်သေပြနိုင်မယ့် အချက်လည်း ဖြစ်ပါတယ်"ဟုပြောကြားခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးအဖြစ် အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက သွင်းဂိုး (၆)ဂိုးဖြင့် ဘယ်လ်ဂျီယံအသင်းတိုက်စစ်မှူး လူကာကူ(၄ ဂိုး)ထက် (၂)ဂိုးအသာဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။

အင်္ဂလန်အသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့သည် ယခုနှစ် ကမ္ဘာ့ဖလားအုပ်စုအဆင့်တွင် တွေ့ဆုံခဲ့ကြပြီး ဘယ်လ်ဂျီယံအသင်းက (၁-ဝ)ဂိုးဖြင့် အနိုင်ရခဲ့ကြောင်းသိရှိရသည်။

Most Read

Most Recent