အနားပိုရထားသည့် ပြင်သစ်အသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အသာရမည်ဟု မော်ရင်ဟို ပြောကြား

အနားပိုရထားသည့် ပြင်သစ်အသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အသာရမည်ဟု မော်ရင်ဟို ပြောကြား
Published 13 July 2018

Photo: Getty Images

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်တွင် အနားပိုရထားသည့် ပြင်သစ်အသင်းက ခရိုအေးရှားအသင်းထက် ပိုလန်းဆန်းနေပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုက "ဒီအချိန်မှာ ပြင်သစ်ကစားသမားတွေ အချိန်ပိုရတာကြောင့် သောက်ပြီး ပျော်နေကြမယ်လို့ ကျွန်တော် ထင်တယ်။ ခရိုအေးရှားအသင်းထက် သူတို့က နားရက်တစ်ရက် ပိုရထားတယ်။ ဒါက တရားမျှတမှု မရှိပါဘူး။ ရုပ်သံအနေအထားကြောင့် ဒီလိုကစားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို တစ်ရက်တည်း ကစားသင့်ပါတယ်။ အင်္ဂလန်ပွဲကို တစ်နာရီ နှစ်နာရီလောက် စောကစား။ ပြီးရင် ပြင်သစ်ပွဲကို ကစား။ ပြိုင်ပွဲအတွင်း တစ်နေ့ (၃)ပွဲတောင် ကစားခဲ့သေးတာပဲဗျာ။ ဒီတော့ တစ်နေ့ နှစ်ပွဲကစားဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ပြင်သစ်အသင်းက ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ပွဲတိုင်းမိနစ် (၉၀)အတွင်း ပြတ်ခဲ့ပေမယ့် ခရိုအေးရှားအသင်းကတော့ (၃)စလုံးမှ အချိန်ပိုတွေ ကစားခဲ့ရပါတယ်။ ပြီးတော့ ဗိုလ်လုပွဲစဉ်မတိုင်ခင် ပြင်သစ်အသင်းက ခရိုအေးရှားအသင်းထက် (၂၄)နာရီ ပိုအနားရထားတယ်။ ပွဲစဉ် (၆)ပွဲ ကစားပြီးချိန်မှာ (၂၄)နာရီ ပိုပြီးအနားရထားတာက အလွန်အရေးပါပါတယ်"ဟု ပြောကြားခဲ့သည်။

ပြင်သစ်အသင်းနှင့် ခရိုအေးရှားအသင်းတို့သည် ၁၉၉၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် တွေ့ဆုံခဲ့ဖူးပြီး ယင်းပွဲစဉ်တွင် ပြင်သစ်အသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ပြင်သစ်အသင်းသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို (၃)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ခရိုအေးရှားအသင်းမှာမူ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်ရောက်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်သင်း၏ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ကို လာမည့် တနင်္ဂနွေညတွင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent