ဆွစ်ဇာလန်ကို အနိုင်ယူပြီး ၁၉၉၄ နောက်ပိုင်း ကွာတားဖိုင်နယ်ပြန်တက်ရောက်နိုင်ခဲ့တဲ့ ဆွီဒင်

ဆွစ်ဇာလန်ကို အနိုင်ယူပြီး ၁၉၉၄ နောက်ပိုင်း ကွာတားဖိုင်နယ်ပြန်တက်ရောက်နိုင်ခဲ့တဲ့ ဆွီဒင်
Published 4 July 2018

Photo:AFP

၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆွီဒင်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ပွဲစဉ်မှာတော့ ဆွီဒင်အသင်းက ကွင်းလယ်လူ ဖော့စ်ဘတ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။

ဒါဟာ ဆွီဒင်အသင်းအတွက် ၁၉၉၄ ကမ္ဘာ့ဖလားမှာ တတိယရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ခြေရည်တူနှစ်သင်းဖြစ်တဲ့အပြင် စုဖွဲ့မှုလည်းကွာခြားမှုမရှိတဲ့ အသင်းနှစ်သင်းရဲ့ပွဲစဉ်ဖြစ်တာကြောင့် တစ်သင်းနဲ့တစ်သင်း ထိန်းထိန်းသိမ်းသိမ်းကစားသွားခဲ့ပါတယ်။

ပထမပိုင်းမှာ အခွင့်အရေးကိုယ်စီရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြပါဘူး။

ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး တစ်သင်းအမှားတစ်သင်းစောင့်ကစားနေတာကြောင့် ပွဲကအနည်းငယ်အေးခဲ့ပါတယ်။

Photo:AFP

ဆွီဒင်အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်(၆၆)မိနစ်မှာ တွိုင်ဗိုနန်ရဲ့ပေးပို့မှုကနေ ဖော့စ်ဘတ် ကန်သွင်းရာမှာ ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာပါ။

ဒါဟာ ဖော့စ်ဘတ်ချ်ရဲ့ ပထမဆုံးသော ကမ္ဘာ့ဖလားသွင်းဂိုးဖြစ်ပြီး ဂိုးပေါက်ကန်သွင်းမှု (၁၄)ကြိမ်မှာမှ ပထမဆုံးဂိုးကိုရရှိခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးမှာ ဆွစ်ဇာလန်တို့ ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် ဆွီဒင်အသင်းရဲ့မာကျောတဲ့နောက်တန်းကိုကျော်ဖြတ်ဖို့ အခက်တွေ့ခဲ့ပါတယ်။

Photo:AFP

နာကျင်အချိန်ပိုမှာတော့ ဆွစ်ဇာလန်နောက်ခံလူ မစ်ချယ်လ်လန်း အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ဆွီဒင်အသင်းက (၁-ဝ)ဂိုးနဲ့ပဲအနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို (၆)ကြိမ်မြောက်တက်ရောက်ခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ ဆွီဒင်အသင်းအတွက် ကမ္ဘာ့ဖလားပွဲ (၅၀)ပြည့်မှာ (၁၉)ပွဲမြောက်နိုင်ပွဲရတာဖြစ်ပြီး ကမ္ဘာ့ဖလားရဲ့သမိုင်းတစ်လျှောက်ရပ်တည်မှုမှာ အဆင့် (၁၀)နေရာမှာရှိနေခဲ့ပါတယ်။

Most Read

Most Recent