ပြင်သစ်ကွင်းလယ်လူ အန်ဇွန်ဇီ ဆီဗီလာအသင်းမှ ထွက်ခွာခွင့်တောင်း

ပြင်သစ်ကွင်းလယ်လူ အန်ဇွန်ဇီ ဆီဗီလာအသင်းမှ ထွက်ခွာခွင့်တောင်း
Published 3 July 2018

အန်ဇွန်ဇီ(Photo:AFP)

ဆီဗီလာအသင်းမှ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ အန်ဇွန်ဇီသည် အသင်းမှ ထွက်ခွာခွင့် ပေးရန် တောင်းဆိုခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက်(၂၉)နှစ်အရွယ်ရှိ အန်ဇွန်ဇီသည် ဆီဗီလာ အသင်းနှင့် ၂၀၂၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး စာချုပ်ပါလျော်ကြေးမှာ ပေါင်(၃၅)သန်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းနည်းပြ အမ်မရီသည် ဆီဗီလာအသင်းတွင် လက်တွဲခဲ့ဖူးသည့် အန်ဇွန်ဇီကို ခေါ်ယူလိုနေသလို၊ ကစားသမားကိုယ်တိုင်ကလည်း အမ်မရီနှင့် ပြန်လည်ပူးပေါင်းရန် ဆန္ဒရှိနေကြောင်း သိရသည်။

ဘာနီဂါ(Photo:AFP)

ထို့ပြင် အမ်မရီသည် ဆီဗီလာကစားသမားပင်ဖြစ်သည့် ဘာနီဂါကိုလည်း ခေါ်ယူရန်ဆန္ဒရှိနေသည်။

အာဂျင်တီးနားလက်ရွေးစင် ဘာနီဂါသည် အားကစားဒါရိုက်တာဖြစ်သူ အော်စကာအာရီယက်စ်ကို အသင်းမှ ထုတ်ပယ်လိုက်ပြီးနောက် အသင်းတွင် မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။

အော်စကာအာရီယက်စ်သည် ဘာနီဂါနှင့်ရော သူ၏မိသားစုနှင့်ပါ အလွန်ရင်းနှီးသည့် မိတ်ဆွေများဖြစ်သည်။

ဆီဗီလာအသင်းသည် ပြီးခဲ့သည့်ဧပြီလက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် ဘာစီလိုနာကို အရေးနိမ့်ခဲ့ပြီးနောက် အာရီယက်စ်ကို ရာထူးမှထုတ်ပယ်ခဲ့သည်။

၎င်းတို့(၂)ဦးစလုံးသည် ဆီဗီလာအသင်းတွင် အူနိုင်းအမ်မရီလက်အောက်၌ ကစားခဲ့သူများဖြစ်သည်။

Most Read

Most Recent