၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 2 July 2018

ဘရာဇီးလ် နှင့် မက္ကဆီကို (မြန်မာစံတော်ချိန် တနင်္လာည ၈း၃၀ နာရီ)

ဘရာဇီးလ်ရဲ့ခြေစွမ်းက တဖြည်းဖြည်း တက်လာပြီး၊ ပုံမှန်ခြေစွမ်းကို ရောက်လာပြီလို့ ပြောလို့ရတယ်။ ဆားဘီးယားနဲ့ ပွဲမှာ အစောပိုင်းပွဲချိန်တွေ ရုန်းကန်ခဲ့ရတာကို အပြစ်မဆိုသင့်ဘူး။ ဆားဘီးယားလိုအသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ဘရာဇီးလ်က ပွဲကိုတဖြည်းဖြည်းချင်း စိုးမိုးဖို့ကြိုးစားခဲ့တာမှန်ပါတယ်။ လက်ရှိ ဘရာဇီးလ်အသင်းရဲ့ကစားပုံက အရှိန်ကိုထိန်းနေပြီး သတိကြီးကြီးထားနေတဲ့ ပုံစံကို တွေ့ရတယ်။ Tactical Risk သိပ်မယူဘဲ တိုက်စစ်ပိုင်းက ကစားသမားတစ်ဦးချင်းရဲ့ ခြေစွမ်းကို အဓိကထားပြီး ခံစစ်ကို ဂရုတစိုက်ကစားနေတယ်။ ဆားဘီးယားနဲ့ ပွဲမှာ ဒုတိယပိုင်းကစားပုံက ပြီးပြည့်စုံတဲ့ပုံစံဖြစ်ပြီး လက်ရှိ အကောင်းဆုံးပုံစံပြနေတဲ့အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်လာတယ်။ မက္ကဆီကိုကတော့ ဂျာမနီနဲ့ ပွဲက ပထမပိုင်း ကစားပုံကို နောက်(၂)ပွဲမှာ မပြနိုင်တော့ဘူး။ ပြောရရင် မက္ကဆီကို ကစားတာ နည်းနည်းကျလာတယ်။ အားထုတ်မှုလွန်ကဲနေပြီး ကစားတာ ရှုပ်လာတယ်။ တိုက်စစ်ပိုင်းမှာ ထိရောက်မှုအားနည်းလာတယ်။ ဆွီဒင်နဲ့ပွဲမှာ ရှုံးခဲ့ရုံနဲ့ အရမ်းအားနည်းသွားပြီ လို့ ပြောလို့မရပေမယ့် ရှုံးခဲ့တဲ့ပုံစံက ရုပ်ပိုင်းရော စိတ်ပိုင်းပါ အားနည်းတာမျိုးဖြစ်နေတယ်။ ခံစစ်ပိုင်းမှာလည်း တစ်ဦးချင်းအမှားတွေရှိလာတာ ကိုတွေ့ရတယ်။ တကယ်တော့ ဂျာမနီတက်မလာဘဲ မက္ကဆီကိုတက်လာတာကိုက ဘရာဇီးလ်အတွက် ကွာ တားဖိုင်နယ်ကို လွယ်လွယ်ရောက်ဖို့ ဖြစ်လာတာပါပဲ။ ဘရာဇီးလ်အခက်အခဲမရှိ အနိုင်ရလိမ့်မယ်။

ဘယ်လ်ဂျီယံ နှင့် ဂျပန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၀၀း၃၀ နာရီ)

ဂျပန်က ဒီအဆင့်ကိုအသည်းအသန်ရောက်လာတဲ့အသင်းဖြစ်ပြီး ကြိုးစားအားထုတ်မှုအားကောင်းတယ်။ ဒါပေမဲ့ ခြေစွမ်းပိုင်းကတော့ အားရစရာသိပ်မရှိဘူး။ ဒါပေမဲ့ ဂျပန်အသင်းရဲ့ တိုက်စစ်က ဂိုးသွင်းစွမ်းရည်ရှိတာကိုတွေ့ရတယ်။ ပိုလန်နဲ့ပွဲမှာ ဂိုးမရခဲ့ပေမယ့် အခွင့်အရေးဖန်တီးမှုပိုင်းက အားကောင်းပြီး၊ ကိုလံဘီယာနဲ့ ဆီနီဂေါတို့ကိုလည်း နှစ်ဂိုးစီသွင်းနိုင်ခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံက နောက်တစ်ဆင့်မှာ ရှိနေတဲ့အသင်းဖြစ်ပြီး ချန်ပီယံဆုကို မျှော်လင့်နိုင်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားပါတယ်။ တိုက်စစ်အရည်အသွေးမြင့်ပြီး ဖန်တီးမှု၊ အဆုံးသတ်ပုံ အပြစ်ပြောစရာမရှိဘူး။ ဂျပန်ထက် Control ပိုင်းသာတယ်၊ Skills ပိုင်းသာတယ်၊ တစ်ဦးချင်းခြိမ်းခြောက်နိုင်စွမ်းမြင့်တယ်။ ဘယ်လ်ဂျီယံပဲ နိုင်ပါလိမ့်မယ်။ သွင်းဂိုးများ နိုင်တဲ့ပွဲပါ။

Most Read

Most Recent