စပိန်ကို ပယ်နယ်တီနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ခဲ့တဲ့ အိမ်ရှင် ရုရှား

စပိန်ကို ပယ်နယ်တီနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ခဲ့တဲ့ အိမ်ရှင် ရုရှား
Published 2 July 2018

ဇူလိုင်လ(၁)ရက်နေ့ကကစားခဲ့တဲ့ စပိန်အသင်းနဲ့ ရုရှားအသင်းတို့ရဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်မှာ မိနစ် ၉၀ (၁)ဂိုးစီသရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှာတော့ ရုရှားအသင်းက (၄-၃)ဂိုးနဲ့အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

စပိန်အသင်းက (၁၂)မိနစ်မှာ ရုရှားနောက်ခံလူ အစ်ဂနာရှီဗစ်ရဲ့မထင်မှတ်တဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဦးဆောင်ဂိုးရခဲ့ပေမယ့် (၄၁)မိနစ်မှာ ပီကေးရဲ့လက်ထိဘောကြောင့် ပယ်နယ်တီပြန်ပေးခဲ့ရပြီး ဂျူဘာက အပိုင်ကန်သွင်းယူခဲ့ပါတယ်။

စပိန်အသင်းက ၄-၂-၃-၁ ပုံစံနဲ့ပွဲထွက်လာပြီး တိုက်စစ်ပိုင်းမှာ ဒီယေဂိုကော်စတာကိုအထောင်တင်ကာ အဆန်စီယို၊ ဒေးဗစ်ဆေးလ်ဗား၊ အစ္စကိုတို့ကို နောက်ချန်အဖြစ် အသုံးပြုခဲ့တာပါ။

ရုရှားက အုပ်စုအဆင့်တုန်းက လုံးဝအသုံးမပြုခဲ့တဲ့ Three Backsပြောင်းကစားပြီး ၃-၄-၂-၁ နဲ့ ပွဲထွက်လာခဲ့တာပါ။

ရုရှားအသင်းနည်းပြ ချယ်ချီဆော့ဗ်ရဲ့နည်းဗျူဟာချဉ်းကပ်မှုက အလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမယ်။

Wing Backကစားတဲ့ ဖာနန်ဒက်စ်၊ ဇာကော့ဗ်တို့တောင် တိုက်စစ်လိုက်ပါမှုသိပ်မရှိခဲ့ဘဲ ခံစစ်ကိုပဲ ပိုအာရုံစိုက်ကစားခဲ့ပါတယ်။

ဒါကြောင့်လည်း ဘောလုံးပိုင်ဆိုင်မှုအသာ၊ ၁၉၆၆ ကမ္ဘာ့ဖလားကတည်းက Passes အကြိမ်(၁၀၀၀)ကျော်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ စပိန်အသင်း ထိရောက်တဲ့ထိုးဖောက်မှုတွေက အတော်လေးနည်းပါးခဲ့ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်မှာ ကိုကေ၊ အက်စ်ပတ်စ်တို့ရဲ့ကန်သွင်းမှုတွေကို ဂိုးသမား အကင်ဖိဗ် ကာကွယ်နိုင်ခဲ့လို့ ရုရှားတို့ (၅)လုံးမြောက်ပယ်နယ်တီတောင် ကန်စရာမလိုဘဲ နောက်တစ်ဆင့်တက်ရောက်ခဲ့ပါတယ်။

ရုရှားအနေနဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ကမ္ဘာ့ဖလားသမိုင်းမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ကွာတားဖိုင်နယ်တက်ရောက်ကာ မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ တာလည်းဖြစ်တယ်။

စပိန်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပယ်နယ်တီအဆုံးအဖြတ် နောက်ဆုံး(၃)ပွဲဆက် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

 

Most Read

Most Recent