ပြင်သစ်အသင်းကို ပွဲအများဆုံးကိုင်တွယ်သည့်နည်းပြ ဒေးရွှမ့် ဖြစ်လာ

ပြင်သစ်အသင်းကို ပွဲအများဆုံးကိုင်တွယ်သည့်နည်းပြ ဒေးရွှမ့် ဖြစ်လာ
Published 2 July 2018

 

 

Photos: AFP

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်သည် အာဂျင်တီးနားအသင်းအား (၄-၃)ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲအပြီးတွင် ပြင်သစ်အသင်းကို ပွဲအများဆုံးကိုင်တွယ်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

ဒေးရွှမ့်သည် အာဂျင်တီးနားအသင်းအား အနိုင်ရသည့်ပွဲတွင် ပြင်သစ်အသင်းကို ကိုင်တွယ်နည်းပြသည့် ပွဲ(၈၀)မြောက်ဖြစ်ခဲ့ပြီး နည်းပြရေမွန်ဒိုမီနစ်ချ်၏ (၇၉)ပွဲစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒိုမီနစ်ချ်သည် ပြင်သစ်အသင်းကို ၂၀၀၄ မှ ၂၀၁၀ ခုနှစ်အထိ ကိုင်တွယ်နည်းပြခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားတွင် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ အသက် (၄၉)နှစ်အရွယ်ရှိ ဒေးရွှမ့် သည် ၁၉၉၈ ကမ္ဘာ့ဖလားရ ပြင်သစ်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပြီး ပြင်သစ်အသင်းကို ၂၀၁၂ ခုနှစ် တွင် နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည်။

ဒေးရွှမ့်သည် ပြင်သစ်အသင်းကို ပွဲ(၈၀)ကိုင်တွယ်ရာတွင် ပွဲ(၅၀)အထိ အနိုင်ရခဲ့ပြီး (၁၅)ပွဲသရေကျကာ (၁၅)ပွဲရှုံးနိမ့်ထားပြီး ပြင်သစ်အသင်းအတွက် ပထမဆုံးနိုင် ပွဲ (၅၀)ပြည့်မြောက်သည့် နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ပြင်သစ်အသင်း၏ သမိုင်းတွင် ၁၉၁၉ မှ ၁၉၄၅ ခုနှစ်အထိ ပွဲပေါင်း (၁၂၄)ပွဲ ကိုင်တွယ်ခဲ့သည့် နည်းပြဟောင်း ဘာရီအာယူမှာ ပွဲအများဆုံးကိုင်တွယ်သည့် နည်းပြဖြစ်သော်လည်း ထိုစဉ်က အိုလံပစ်ပွဲ များ ပါဝင်သည့်အတွက် တရားဝင်သတ်မှတ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Most Read

Most Recent