ပယ်နယ်တီကျိန်စာ ပယ်ဖျက်နိုင်ရန် ကြိုတင်လေ့ကျင့်ထားဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ် ပြောကြား

ပယ်နယ်တီကျိန်စာ ပယ်ဖျက်နိုင်ရန် ကြိုတင်လေ့ကျင့်ထားဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ် ပြောကြား
Published 1 July 2018

 

Photos: Getty images

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ကမ္ဘာ့ဖလားအပါအဝင် အဓိကပြိုင်ပွဲများ၌ ပယ်နယ်တီကံကြမ္မာဆိုး ကြုံတွေ့ရလေ့ရှိ သည့်အခြေအနေကို ပယ်ဖျယ်နိုင်ရန် ကြိုတင်လေ့ကျင့်ထားကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်းသည် အဓိကပြိုင်ပွဲများ၌ ပယ်နယ်တီအဆုံးအဖြတ် ခုနစ်ကြိမ်ခံယူရာ ခြောက်ကြိမ်အထိ ရှုံးနိမ့်ထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း သုံးကြိမ်စလုံး (၁၉၉၀၊ ၁၉၉၈၊ ၂၀၀၆) ရှုံးနိမ့်ကာ ပယ်နယ်တီကံအဆိုးဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ပြင် နည်းပြဖြစ်သူ ဆောက်ဂိတ်မှာလည်း ယူရို-၉၆ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဂျာမနီအသင်းအား ရှုံးနိမ့်ရာ ကိုယ်တိုင်ပယ်နယ်တီလွဲချော်ခဲ့ဖူးသည်။

အင်္ဂလန်အသင်းသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့်သို့ပင် တက်ရောက်နိုင်ခြင်းမရှိဘဲ ယင်းပြိုင်ပွဲတွင်လည်း ပေါ်တူဂီအသင်းအား ပယ်နယ်တီ ဖြင့် ရှုံးနိမ့်ပြီး ထွက်ခဲ့ရခြင်းဖြစ်သည်။ သို့ဖြစ်ရာ (၁၂) နှစ်အကြာတွင် ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်နိုင်ရန်အတွက် (၁၆) သင်းအဆင့်တွင် ကိုလံဘီယာ အသင်းကို ကျော်ဖြတ်ရမည်ဖြစ်သည်။

ယင်းပွဲမတိုင်မီ ပယ်နယ်တီကျိန်စာအတွက် ပြင် ဆင်ထားမှုနှင့်ပတ်သက်၍ ဆောက်ဂိတ်က "ပယ်နယ်တီကန်တာနဲ့ပတ်သက်လို့ နည်းဗျူဟာအမျိုးမျိုးကို မတ်လကတည်းက လေ့ကျင့်ထားတာပါ။ တစ်ဦးချင်းလေ့ကျင့်မှု အပြင် မတူကွဲပြားတဲ့ပုံစံအမျိုးမျိုးနဲ့လည်း ပြင်ဆင်ထားပါတယ်။ အခုအချိန်မှာတော့ အရင်ထက်ပိုပြီး အသေးစိတ်လေ့ကျင့်မှုတွေ လုပ်ရမှာပါ။ ပွဲကစားဖို့ သုံးရက်ပဲအချိန်ရလို့ အခုမှစပြီး လေ့ကျင့်မယ်ဆိုရင် နောက်ကျနေ မှာပါ။ ရှုံးထွက်အဆင့်မှာ ဖြစ်နိုင်ခြေရှိတဲ့ပုံစံအားလုံးအတွက် ပြင်ဆင်ထားတယ်။ အချိန်ပို ကစားဖို့လိုအပ်ရင် ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှုရှိနေဖို့ ပြင်ဆင်ထားတယ်။ အချိန်ပိုပြီးရင် ဆက်ကစားရမယ့် အခြေအနေအတွက်လည်း ပြင်ဆင်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက "ကိုလံဘီယာနဲ့ပွဲမှာ ကျွန်တော်တို့ အနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုဖြစ်လာမှာပါ။ သူတို့က ပရိသတ်အားပေးမှု အပြည့်ရထားတဲ့အပြင် တစ်ဦးချင်းထူးချွန်တဲ့ကစားသမားတချို့လည်း ပိုင်ဆိုင်ထားပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent