ကာဗာနီရဲ့ ဂိုးတွေနဲ့ ကွာတားဖိုင်နယ် တက်ခဲ့တဲ့ ဥရုဂွေး

ကာဗာနီရဲ့ ဂိုးတွေနဲ့ ကွာတားဖိုင်နယ် တက်ခဲ့တဲ့ ဥရုဂွေး
Published 1 July 2018

■ ဥရုဂွေး ၂-၁ ပေါ်တူဂီ

Photo: FIFA via Getty Images

စနေညမှာ ဆက်လက်ယှဉ်ပြိုင်ခဲ့တဲ့ ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယပွဲစဉ်မှာတော့ ဥရုဂွေးအသင်းက ပေါ်တူဂီအသင်းကို တိုက်စစ်မှူး ကာဗာနီရဲ့ ဂိုးတွေနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ နှစ်သင်းစလုံးဟာ (၄-၄-၂) ကစားကွက်ကိုပဲ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှာ ဆွာရက်ဇ်နဲ့ ကာဗာနီတို့ ပွဲထွက်ခဲ့ပြီး ဗယ်စီနို၊ ဘန်တန်ကူ၊ တော်ရေရာ၊ ဂိုဒင်တို့အပြင် ဟီမင်နက်ဇ်ပါ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ပေါ်တူဂီအသင်းကတော့ စီရော်နယ်လ်ဒိုကို ဂယ်ဒက်စ်နဲ့ တိုက်စစ်မှာ တင်ကစားပြီး တောင်ပံနှစ်ဖက်မှာ ဘာနာဒိုဆေးလ်ဗားနဲ့ ဂျာအိုမာရီယိုတို့ကို အသုံးပြုခဲ့ကာ ပီပီ၊ ဖွန်တေ၊ ကာဗယ်လ်ဟိုတို့နဲ့ လူစုံခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဥရုဂွေးအသင်းကို ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် (၇)မိနစ်မှာပဲ မထင်မှတ်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ဘယ်တောင်ပံကနေ ဆွာရက်ဇ်တင်ပေးတာကို ကာဗာနီ ခေါင်းတိုက်ရာမှာ ရင်ဘတ်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဥရုဂွေးအသင်းအတွက် ကာဗာနီရဲ့ (၄၄)ဂိုးမြောက် သွင်းဂိုး ဖြစ်ခဲ့ပြီး အဲဒီ(၄၄)ဂိုးမှာ ဆွာရက်ဇ်က (၁၂)ဂိုးအထိ ဖန်တီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပေါ်တူဂီအသင်းဟာ ဖိကစားခဲ့ပေမယ့် ဥရုဂွေးအသင်းက ခံစစ်ကျစ်ကျစ်လစ်လစ်နဲ့ ကစားသွားလို့ အခက်တွေ့ခဲ့ရပါတယ်။ ဥရုဂွေးနောက်တန်းနဲ့ အလယ်တန်းကစားသမားတွေဟာ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖျက်တောက်နိုင်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုလည်း ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။

Photo: FIFA via Getty Images

ဒုတိယပိုင်းမှာ ပေါ်တူဂီတို့ ချေပဂိုးရဖို့ တင်ကစားလာခဲ့ပြီး ဥရုဂွေးကတော့ အုပ်စုအဆင့်မှာ ဂိုးမပေးခဲ့ရတဲ့ အသင်းပီပီ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာကြောင့် ဂိုးရဖို့ ခက်နေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် (၅၅)မိနစ်မှာတော့ ပေါ်တူဂီတို့ ချေပဂိုး ရသွားခဲ့ပါတယ်။ ဘယ်တောင်ပံကနေ ဂယ်ဟေရိုတင်ပေးတာကို ပီပီက ခေါင်းတိုက်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုး ပေးလိုက်ရပြီးနောက်မှာ ဥရုဂွေးဟာ ပေါ်တူဂီအသင်းကို ခံစစ်မကစားတော့ဘဲ တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ ဒါကြောင့် အခွင့်အရေးတွေ ရခဲ့ပြီး ပွဲချိန် (၆၂)မိနစ်မှာ ဘန်တန်ကူ မျောပေးတာကို ကာဗာနီက ဧရိယာထိပ်ကနေ ပေါ်တူဂီဂိုးသမား ပတ်ထရီစီယိုရဲ့ ဘယ်ဖက်ထောင့်ထဲကို လှလှပပ ကန်သွင်းယူသွားခဲ့တာပါ။

Photo: EMPICS Sport

အဲဒီနောက်ပိုင်းမှာတော့ ပေါ်တူဂီဟာ ချေပဂိုးရဖို့ တင်ကစားလာခဲ့ပြီး ပွဲချိန် (၆၉)မိနစ်မှာ ဥရုဂွေးဂိုးသမား မူဆလီရာရဲ့ အမှားကနေ ဘာနာဒိုဆေးလ်ဗား ဧရိယာထဲမှာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ကို ကန်သွင်းခွင့်ရခဲ့ပေမယ့် အပေါ်ထောင်ကန်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ကျန်ပွဲချိန်တွေမှာ ပေါ်တူဂီက ချေပဂိုးရဖို့ ကြိုးစားခဲ့သလို ဥရုဂွေးကလည်း ခံစစ်ကို ပိတ်ကစားသလို အခွင့်အရေးရရင် ရသလို ပြန်လည်ထိုးဖောက် ကစားခဲ့လို့ ပွဲဟာ ကြည့်ကောင်းခဲ့ပြီး နောက်ဆုံးမှာတော့ ဥရုဂွေးအသင်းက အနိုင်ရသွားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုကတော့ မက်ဆီနဲ့ အတူ ရှုံးထွက် (၁၆)သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဥရုဂွေးအသင်းဟာ ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားကို အနိုင်ယူခဲ့တဲ့ ပြင်သစ်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Most Read

Most Recent