ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရရှိသည့် ငွေကြေးများကို ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေ လှူဒါန်း

ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရရှိသည့် ငွေကြေးများကို ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေ လှူဒါန်း
Published 1 July 2018

Photo: AFP/Getty Images

PSG အသင်းမှ ပြင်သစ်လက်ရွေးစင် လူငယ်တိုက်စစ်မှူး ဘာပေသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရရှိသည့် ပွဲကစားခများကို လှူဒါန်းနေကြောင်း သိရှိရသည်။

ဘာပေသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲစဉ်တစ်ပွဲ ပါဝင်ကစားတိုင်း ပေါင် (၁၇၀၀၀) အပြင် ထပ်တိုးဆုကြေးပါရရှိနေကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။ ဘာပေသည် ရရှိသည့် ငွေကြေးအားလုံးကို သူ လှူဒါန်းနေကျဖြစ်သည့် မသန်စွမ်းကလေးသူငယ်များ အားကစားလှုပ်ရှားမှုများ ပြုလုပ်နိုင်အောင် ကူညီလှူဒါန်းနေသော Preiers de Cordees အဖွဲ့ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

စနေညက ကစားခဲ့သော ပြင်သစ်(၄-၃) အာဂျင်တီးနားတို့၏ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်တွင် ဘာပေသည် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြင်သစ်အသင်းအတွက် အရေးပါသည့် အနိုင်ဂိုး (၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့သူလည်း ဖြစ်သည်။

ပြင်သစ်အသင်းအနေဖြင့် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲပါက ကစားသမားတစ်ဦးလျှင် ဆုကြေး ပေါင် (၂၆၅၀၀၀) ရရှိဖွယ်ရှိနေသည်ဟု မီဒီယာများ ဖော်ပြနေကြပြီး ဘာပေသည် ရရှိသည့် ငွေကြေးအားလုံးကို လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ဘာပေအနေဖြင့် ယခုကဲ့သို့ ရက်ရောစွာ လှူဒါန်းနေခြင်းသည် ပြင်သစ်အသင်းရှိ အခြားကစားသမားကို ဆွဲဆောင်နေပြီး ဘာပေကဲ့သို့ လှူဒါန်းလာဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent