ဘာပေရဲ့ ခြေစွမ်းပြမှုနဲ့ ကွာတားဖိုင်နယ်တက်တဲ့ ပြင်သစ်

ဘာပေရဲ့ ခြေစွမ်းပြမှုနဲ့ ကွာတားဖိုင်နယ်တက်တဲ့ ပြင်သစ်
Published 1 July 2018

 

■ ပြင်သစ် ၄-၃ အာဂျင်တီးနား

Photo: Reuters

၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက် (၁၆)သင်းအဆင့် ပထမဆုံးပွဲစဉ်မှာတော့ ပြင်သစ်အသင်းဟာ လူငယ်တိုက်စစ်မှူး ဘာပေရဲ့ ခြေစွမ်းပြမှုနဲ့ အတူ အာဂျင်တီးနားကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ဒီနေ့ပွဲမှာ (၄-၂-၃-၁)ပုံစံပွဲထွက်လာခဲ့ပြီး ဂျရူး၊ ဂရစ်ဇ်မန်း၊ ဘာပေ၊ ပေါ့ဘာတို့နဲ့ လူစုံခဲ့ပါတယ်။ အာဂျင်တီးနားကတော့ ဟီဂွါအင်၊ အဂွဲရိုးတို့ကို အရန်ခုံမှာပဲ ထားခဲ့ပြီး တိုက်စစ်မှာ မက်ဆီ၊ ပါဗွန်၊ ဒီမာရီယာတို့ကို ပွဲထုတ်ခဲ့သလို ကွင်းလယ်နဲ့ နောက်တန်းမှာလည်း လူစုံပါဝင်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် အာဂျင်တီးနားတို့ အခက်တွေ့ခဲ့ပြီး စောစောစီးစီးပွဲ ပြင်သစ်အသင်းရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပါတယ်။ ပွဲချိန် (၉)မိနစ်မှာပဲ ဂရစ်ဇ်မန်းရဲ့ ဖရီးကစ်ကန်ချက် ဂိုးဘားတန်းကို ထိထွက်ခဲ့လို့ အာဂျင်တီးနားတို့ ကံကောင်းခဲ့ပေမယ့် (၁၃)မိနစ်မှာပဲ ပြင်သစ်အသင်းကို ဂိုးပေးလိုက်ရပါတယ်။

ပြင်သစ်အသင်းရဲ့ ကွင်းဘက်ခြမ်းကနေ တောက်လျှောက်ဆွဲပြေးလာတဲ့ ဘာပေကို အာဂျင်တီးနား နောက်ခံလူ ရိုဟိုက တားဆီးခဲ့တာ ဖြစ်ပါတယ်။ ရိုဟိုအနေနဲ့ ဘာပေကို ပယ်နယ်တီဧရိယာ စည်းထိပ်မှာ တားဆီးခဲ့တာ ဖြစ်ပေမယ့် ဘာပေဟာ ဧရိယာထိပ်မှာ လဲကျခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပယ်နယ်တီပေးခဲ့တာပါ။ ဒီပယ်နယ်တီကို ဂရစ်ဇ်မန်းက အမှားအယွင်းမရှိ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အာဂျင်တီးနားဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ဆင်မှုပိုင်းမှာတော့ ပြင်သစ်အသင်းက ပိုမိုထိရောက်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လျင်မြန်လွန်းတဲ့ ပြင်သစ်ရဲ့ တိုက်စစ်ကို ထိန်းချုပ်ရာမှာ အာဂျင်တီးနားတို့ အခက်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo: Getty Images

ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာတော့ အာဂျင်တီးနားတို့ မထင်မှတ်ဘဲ ချေပဂိုး ရခဲ့ပါတယ်။ ပွဲချိန် (၄၁)မိနစ်မှာ ဘာနီဂါ ချပေးတာကို ဒီမာရီယာ (၃၀.၂)ကိုက်အကွာကနေ ပြင်သစ်ဂိုးသမား လိုရစ်ရဲ့ ဘယ်ဘက်ထောင့်ကို လှလှကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အဝေးဆုံးအကွာအဝေးကနေ ကန်သွင်းယူခဲ့တဲ့ ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားက ပွဲစပြီးဆိုတာ တိုက်စစ်ဆင်ကစားခဲ့ပြီး (၃)မိနစ်အကြာမှာပဲ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ကျွံထွက်လာတဲ့ ဘောလုံးကို မက်ဆီ ကန်သွင်းရာမှာ ပြင်သစ်ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ နောက်ခံလူ မယ်ကာဒိုက လမ်းကြောင်းပြောင်းပေးပြီး ရယူခဲ့တာပါ။

ဒါပေမဲ့ အာဂျင်တီးနားအသင်းရဲ့ ဦးဆောင်မှုဟာ (၉)မိနစ်သာ ခံခဲ့ပြီး (၁၁)မိနစ်အတွင်းမှာ ပြင်သစ်အသင်းကို (၃)ဂိုး ပြန်ပေးလိုက်ရပါတယ်။ ပွဲချိန် (၅၇)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘယ်တောင်ပံက ဟာနန်ဒက်ဇ် တင်ပေးတာကို ပါဗတ်က ဧရိယာထိပ်ကနေ လှလှပပကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

Photo: AP

နောက် (၇)မိနစ်အကြာ ပွဲချိန်(၆၄)မိနစ်မှာတော့ ဒီပွဲမှာ အာဂျင်တီးနား နောက်တန်းကို တောက်လျှောက် ဒုက္ခပေးတဲ့ ဘာပေက ဦးဆောင်ဂိုးသွင်းပေးခဲ့သလို၊ ပွဲချိန် (၆၈)မိနစ်မှာလည်း ဘာပေကပဲ ပြင်သစ်အသင်းရဲ့ လှပတဲ့ တွဲလုံးတွေကနေ ဂျရူးချပေးတာကို ပြေးဝင်ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ (၂)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဘာပေရဲ့ ဒီနှစ်ကမ္ဘာ့ဖလားမှာ (၃)ဂိုးမြောက် ဖြစ်လာခဲ့ပြီး ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ဂန္ထဝင် ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၂)ဂိုးနဲ့အထက် ဂိုးသွင်းယူနိုင်တဲ့ ဆယ်ကျော်သက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အာဂျင်တီးနားဟာ အဂွဲရိုး၊ မယ်ဇာတို့ကို ထည့်သွင်းပြီး တိုက်စစ်ဖွင့် ကစားခဲ့ပေမယ့် ကွင်းလယ်ပိုင်းက ပြင်သစ်အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာကြောင့် ဂိုးရဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးမှာတော့ နာကျင်အချိန်ပို (၃)မိနစ်မှာတော့ မက်ဆီ တင်ပေးလိုက်တဲ့ ဘောလုံးကို အဂွဲရိုးက ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။ ကျန်ပွဲချိန်တွေမှာ အာဂျင်တီးနားတို့ ချေပဂိုးရဖို့ တင်ကစားခဲ့ပေမယ့် ပြင်သစ်ကို မကျော်နိုင်ဘဲ ရှုံးထွက် (၁၆)သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ပြင်သစ်အသင်းကတော့ ကွာတားဖိုင်နယ်မှာ ဥရုဂွေး-ပေါ်တူဂီတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Most Read

Most Recent