နိုင်ငံအသင်းအတွက် လူကာကူ၏ဂိုးသွင်းနှုန်းမှာ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ထက် ပိုများနေ

နိုင်ငံအသင်းအတွက် လူကာကူ၏ဂိုးသွင်းနှုန်းမှာ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ထက် ပိုများနေ
Published 1 July 2018

 

ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူသည် လက်ရွေးစင်အသင်းအတွက် ကစားခဲ့သည့်ပွဲများတွင် ရရှိခဲ့သောဂိုးသွင်းနှုန်းမှာ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ထက်ပိုများနေကြောင်း သိရှိရသည်။

အသက်(၂၅)နှစ်အရွယ်ရှိ လူကာကူသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီယံအသင်းနှင့်အတူ ခြေစွမ်းပြလျက်ရှိပြီး အုပ်စုပွဲစဉ်(၂)ကစားခဲ့ရာ၌ (၄)ဂိုးအထိ သွင်းယူပေးထားသည်။ သို့ဖြစ်ရာ လူကာကူ၏ လက်ရွေးစင်သွင်းဂိုးမှာ (၇၁)ပွဲတွင် (၄၀)ဂိုးအထိရှိလာခဲ့ပြီး မက်ဆီ၏အာဂျင်တီးနားအသင်းအတွက် ပွဲ(၇၀)တွင် (၂၆)ဂိုးသွင်းယူခဲ့ခြင်း၊ စီရော်နယ်လ်ဒို၏ ပေါ်တူဂီအသင်းအတွက် (၆၉)ပွဲတွင် (၂၂)ဂိုးသွင်းယူခဲ့ခြင်း စသည့် ဂိုးသွင်းနှုန်းများထက် ပိုမိုသာလွန်ခဲ့ခြင်းဖြစ်သည်။

 

မန်ယူအသင်းတိုက်စစ်မှူး လူကာကူသည် ပြီးခဲ့သည့်ရာသီကပရီးမီးယားလိဂ်တွင် အသင်းအတွက် (၁၆)ဂိုးသာသွင်းယူနိုင်ခဲ့သော်လည်း လက်ရွေးစင်အသင်း၏ပွဲစဉ်များတွင်မူ အထူးခြေ စွမ်းပြဂိုးသွင်းထားသူဖြစ်သည်။ လူကာကူသည် ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ ခြေစစ်ပွဲနှင့် အုပ်စုပွဲစဉ်များအပြီး (၁၀)ပွဲ ကစားခဲ့ရာ (၁၅)ဂိုးသွင်းယူပြီး (၁)ဂိုးဖန်တီးပေးထားသည်။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် ပြီးခဲ့သည့် ရာသီက လူကာကူကိုပွဲထွက်အသုံးပြု ခြင်းအပေါ် ပရိသတ်များကဝေဖန်ခဲ့ရာ ၎င်းမပါဝင်သောပွဲစဉ်များ၌ ရလဒ်ဆိုးရွားခဲ့ပုံကို ထောက်ပြကာ ပြန်လည်ချေပခဲ့သည်။ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲဂိုးအများဆုံးသွင်းသူစာရင်းတွင် ဟာရီကိန်းက (၅)ဂိုးဖြင့်ဦးဆောင်နေပြီး လူကာကူနှင့် စီရော်နယ်လ်ဒိုတို့က (၄)ဂိုးစီဖြင့် ဒုတိယ၊ ချီရီရှက်နှင့် ဒီယေဂိုကော်စတာတို့က (၃)ဂိုးစီဖြင့် တတိယ နေ ရာတွင် အစဉ်လိုက်ရပ်တည်နေကြောင်း သိရသည်။

Most Read

Most Recent