Fair Play ရမှတ်ဖြင့် ဆုံးဖြတ်မှုကို အပြောင်းအလဲလုပ်ရန်အစီအစဉ်မရှိဟု FIFA တုံ့ပြန်

Fair Play ရမှတ်ဖြင့် ဆုံးဖြတ်မှုကို အပြောင်းအလဲလုပ်ရန်အစီအစဉ်မရှိဟု FIFA တုံ့ပြန်
Published 30 June 2018

Fair Playဖြင့် နောက်တစ်ဆင့်တက်ခဲ့သည့် ဂျပန်အသင်း(Photo:AFP)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ကောလင်းစမစ်က Fair Play (စည်းကမ်းလိုက်နာမှု) ရမှတ်ဖြင့် ဆုံးဖြတ်သည့်စနစ်အား အပြောင်း အလဲလုပ်ရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားသည်။

ဇွန် ၂၈ ရက်က ယှဉ်ပြိုင်ကစားသည့် အုပ်စု (H) နောက်ဆုံးပွဲစဉ်အပြီးတွင် ဂျပန် နှင့် ဆီနီဂေါအသင်းတို့ ရမှတ်လေးမှတ်စီတူညီ နေသည့်အပြင် ဂိုးကွာခြားချက်နှင့် သွင်းဂိုး အရေအတွက်ပါ တူညီနေပြီး နှစ်သင်းထိပ် တိုက်တွေ့ဆုံမှုရလဒ်တွင်လည်း သရေကျ ထားသည်။

ထို့ကြောင့် Fair Play ရမှတ်ဖြင့် ဆုံးဖြတ်ရာ သုံးပွဲကစား အဝါကတ်လေးကတ် သာပြသခံရသည့် ဂျပန်အသင်းက အဝါကတ် ခြောက်ကတ်ပြသခံရသည့် ဆီနီဂေါအသင်း ထက် အနုတ်ရမှတ်ပိုနည်းသဖြင့် ရှုံးထွက် အဆင့် တက်ခွင့်ရခဲ့သည်။

ဂျပန်အသင်းကစား သမားများသည် ပိုလန်အသင်းအား ရှုံးနိမ့် နေသော်လည်း ကြိုးစားခြင်းမရှိဘဲ လမ်း လျှောက်နေသောကြောင့် နှစ်သင်းစလုံးကို ပရိသတ်များက လှောင်ပြောင်ခဲ့ကြသည်။

သို့သော် ကောလင်းစမစ်က ''ဒီပြိုင်ပွဲအပြီးမှာ ဘယ်လိုတုံ့ပြန်မှုတွေရှိလဲဆိုတာ သုံးသပ်သွား မှာပါ။ လောလောဆယ်တော့ အပြောင်းအလဲ လုပ်ဖို့ အစီအစဉ်မရှိပါဘူး''ဟု ဆိုသည်။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် Fair Play စည်းမျဉ်းဖြင့် နောက်တစ်ဆင့်တက်သည့်အသင်းအဖြစ် ဂျပန်အသင်းက မှတ်တမ်းဝင်ခဲ့သည်။

Most Read

Most Recent