၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 30 June 2018

ပြင်သစ် နှင့် အာဂျင်တီးနား (မြန်မာစံတော်ချိန် ဇွန် ၃၀ ရက် ည ၈း၃၀ နာရီ)

ပြင်သစ်မှာ Super Talented တွေဖြစ်တဲ့ ဘာပေ၊ ဒမ်ဘီလီ၊ လူမာ၊ ဖယ်ကီယာ၊ ဂရစ်ဇ်မန်းတို့အုပ်စုရှိတယ်။ အမြင့်ဘော တွေမှာ ပြဿနာရှိတဲ့အာဂျင်တီးနားကို ဒုက္ခပေးမယ့် ဂျရူးရှိတယ်။ အားလုံးက အာဂျင်တီးနားရဲ့ ကွင်းလယ်အားပျော့မှု၊ ခံစစ် စိတ်သန်လွန်းမှုတွေကြောင့် ပြင်သစ်ကွင်းလယ်က သာတယ်လို့ ယူဆထားကြပေမယ့် အာဂျင်တီးနား အမှန်တကယ် ပြဿနာ တက်မှာ ပြင်သစ်တိုက်စစ်ပိုင်းက လူငယ်ကြယ်ပွင့်တွေရဲ့ Individual Skills ပဲ။ အာဂျင်တီးနားရဲ့ ခံစစ်က မူဆာကို ထိန်းချုပ် ဖို့အတွက် လိုအပ်ချက်တွေရှိခဲ့တယ်။ အာဂျင်တီးနားရဲ့ ကွင်းလယ်က ခရိုအေးရှားနဲ့ ပွဲမှာ မရှုမလှ ခံစားခဲ့ရပြီး၊ အာဂျင်တီးနား တိုက်စစ်က အိုက်စလန်၊ ခရိုအေးရှားတို့နဲ့ ပွဲတွေမှာ ပြဿနာတက်ခဲ့တယ်။ ဒါပေမဲ့ အာဂျင်တီးနားမှာ မက်ဆီရှိတယ်။ မက် ဆီရဲ့တစ်ချက်ကောင်းထိုးဖောက်မှုတွေကို ပြင်သစ်စိုးရိမ်ရလိမ့်မယ်။ ဒီပွဲက ထိပ်တန်းအသင်းကြီးနှစ်သင်း၊ တစ်သင်းက ဥရောပ၊ တစ်သင်းက တောင်အမေရိက။ ဒါပေမဲ့ ပုံမှန်အားဖြင့် မြင်တွေ့ရမယ့် ကစားသမားတစ်ဦးချင်းရဲ့ နည်းစနစ်ပိုင်း အားသာမှု က တောင်အမေရိကဘက်မှာ ရှိမနေဘူး။ ပြင်သစ်ကစားသမားတွေက ပိုကောင်းတယ်။ နည်းဗျူဟာပိုင်းအရဆိုရင်လည်း Tactical Flexibility ဖြစ်တဲ့ ပြင်သစ်ကို ပိုကြိုက်တယ်။ ပြင်သစ်ရဲ့ ခြေစွမ်း၊ ပြင်သစ်ရဲ့တိုက်စစ်က အရမ်းကောင်းတယ်ဆိုတဲ့ ပွဲမျိုး မတွေ့ရသေးတာမှန်တယ်။ ဒါပေမဲ့ အာဂျင်တီးနားနဲ့ ပွဲမှာတော့ ခြေစွမ်းပြလိမ့်မယ်။ ပြင်သစ်ကို ကြိုက်တယ်။

ဥရုဂွေး နှင့် ပေါ်တူဂီ (မြန်မာစံတော်ချိန် ဇူလိုင် ၁ ရက် နံနက် ၀၀း၃၀ နာရီ)

ဥရုဂွေးရဲ့ ခံစစ်ပိုင်းက ပေါ်တူဂီကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်။ ဥရုဂွေးက ဘောလုံးပိုင်ဆိုင်ခွင့် အသာစီးကနေ ကစားပြီး ပြိုင်ဘက်ကို စိုးမိုးထားတတ်တဲ့ ကစားဟန်မျိုးမဟုတ်ဘူး။ အဲ့ဒီပုံစံကစားရတဲ့ ဆော်ဒီ၊ အီဂျစ်တို့နဲ့ ပွဲတွေမှာလည်း ဥရုဂွေးရဲ့ ပုံစံကအားရစရာမရှိခဲ့ဘူး။ ဒါပေမဲ့ ရုရှားနဲ့ပွဲမှာတော့ ဥရုဂွေးရဲ့ခြားနားတဲ့ပုံစံကို မြင်တွေ့ခဲ့ရတယ်။ ဥရုဂွေးက အ ခြားအသင်းတွေနဲ့မတူတာက ခံစစ်အရမ်းမာကျောပြီး ဒီပြိုင်ပွဲမှာ ဂိုးမပေးရသေးတဲ့ တစ်သင်းတည်းသောအသင်းဖြစ်တယ်။ ဒါကြောင့် ဒီအချက်က ခြေစွမ်းတင်မဟုတ်ဘဲ ယုံကြည်မှုကိုပါ ပိုပြီးမြင့်တက်လာစေတယ်။ ပေါ်တူဂီက စီရော်နယ်လ်ဒိုကိုအား ပြုထားတဲ့အသင်းဖြစ်ပြီး စီရော်နယ်လ်ဒိုဂိုးမသွင်းနိုင်ရင်၊ မလှုပ်နိုင်ရင်၊ ခြေစွမ်းမပြနိုင်ရင် ရုန်းကန်ရတယ်။ ဥရုဂွေးရဲ့ ကျပ် ညပ်နေတဲ့ ကစားဟန်ကြောင့်လည်း စီရော်နယ်လ်ဒို ခက်ခဲသွားနိုင်တယ်။ ဥရုဂွေးကိုကြိုက်တယ်။

 

Most Read

Most Recent