အုပ်စုပွဲစဉ်များအပြီး သွင်းဂိုးအားလုံး၏ ထက်ဝက်နီးပါးကို ပရီးမီးယားလိဂ်နှင့် လာလီဂါကစားသမားများ သွင်းယူထား

အုပ်စုပွဲစဉ်များအပြီး သွင်းဂိုးအားလုံး၏ ထက်ဝက်နီးပါးကို ပရီးမီးယားလိဂ်နှင့် လာလီဂါကစားသမားများ သွင်းယူထား
Published 30 June 2018

 

လက်ရှိကျင်းပနေသော ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲသည် အုပ်စုပွဲစဉ် (၄၈) ပွဲစလုံး ပြီးဆုံးသွားပြီဖြစ်ပြီး သွင်းဂိုးအားလုံး၏ထက်ဝက်နီးပါးကို ပရီးမီးယားလိဂ်နှင့် လာလီဂါကစားသမားများက သွင်းယူထားကြောင်း သိရသည်။
အုပ်စုပွဲစဉ်များအပြီးတွင် သွင်းဂိုးစုစုပေါင်း (၁၂၂) ဂိုးရှိပြီး တစ်ပွဲပျမ်းမျှသွင်းဂိုး (၂.၅၄) ဂိုးရှိကာ ကစားသမား (၈၅) ဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။

 

ယင်းဂိုးများအနက် ပရီးမီးယားလိဂ်ကစားသမားများက (၃၁) ဂိုးနှင့် လာလီဂါ ကစားသမားများက (၂၉) ဂိုး သွင်းယူထားရာ သွင်းဂိုးစုစုပေါင်း၏ထက်ဝက်နီးပါးကို ၎င်းတို့က သွင်းယူထားခြင်းဖြစ်သည်။ သွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း (စပါး)က (၅)ဂိုးဖြင့် ဦးဆောင်နေပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ (မန်ယူ) နှင့် ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို (ရီးယဲလ်မက်ဒရစ်)တို့က (၄)ဂိုးစီ၊ ရုရှားအသင်းကွင်းလယ်လူ ချီရီရှက်ဗ် (ဗီလာရီးယဲလ်)နှင့် စပိန်အသင်းတိုက်စစ်မှူး ဒီယေ ဂိုကော်စတာ (အက်သလက်တီကို)တို့က (၃)ဂိုးစီ သွင်းယူထားကာ (၂)ဂိုးသွင်းယူထားသူများတွင်လည်း ခါဇာရီ (ရန်းစ်)၊ ဟာဇက် (ချယ်လ်ဆီး)၊ ကော်တင်ဟို၊ မီနာ (ဘာစီလိုနာ)၊ ဆာလာ (လီဗာပူးလ်)၊ ဂျွန်စတုန်းစ် (မန်စီးတီး)၊ မိုဒရစ် (ရီးယဲလ်မက်ဒရစ်)၊ ဆွန်ဟောင်မင် (စပါး) စသည့် ကစားသမားများပါဝင်နေသည်။

ပရီးမီးယားလိဂ်နှင့် လာလီဂါကစားသမားများ၏နောက်တွင် ပြင်သစ်လီဂူးကစားသမားများက (၉) ဂိုး၊ ဘွန်ဒစ်လီဂါကစားသမားများက (၈) ဂိုးနှင့် စီးရီးအေကစားသမားများက (၇) ဂိုးစီသွင်းယူထားကြောင်း သိရသည်။ အုပ်စုပွဲစဉ်များတွင် Own Goal (၉)ဂိုးအထိရှိခဲ့ပြီး ဂိုးမရှိသရေရလဒ် တစ်ပွဲသာရှိကြောင်းလည်း သိရသည်။

Most Read

Most Recent