ဂျပန်အသင်းဂိုးသမား ကာဝါရှီးမားက ယနေ့ ညကစားမည့် ပိုလန်အသင်းနှင့်အုပ်စုနောက်ဆုံးပွဲစဉ်တွင် အသင်းဖော်များကိုပြန်ကူညီသွားမည်ဟု ယင်းပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အသက် (၃၅)နှစ်ရှိဝါရင့်ဂိုးသမား ကာဝါရှီးမားသည် ပြီးခဲ့သည့်ဆီနီဂေါအသင်းနှင့် (၂-၂) ဂိုးသရေကျသောပွဲစဉ်တွင် အမှားအယွင်းတချို့ပြုလုပ်ခဲ့ခြင်းကြောင့် ဆီနီဂေါတောင်ပံတိုက်စစ်ကစားသမား မာနေ၏ အဖွင့်ဂိုးကိုခွင့်ပြုခဲ့ ရသည်။ သို့ရာတွင် ယနေ့ညကစားမည့်ပိုလန်အသင်းနှင့်ပွဲစဉ်တွင် ဂျပန်အသင်းနည်းပြ နီရှီနိုက ၎င်းအားပွဲထွက်အသုံးပြုဖွယ်ရှိနေရာ အသင်းဖော်များကိုပြန်ကူညီပြီး ဂျပန်အသင်းနောက်တစ်ဆင့်တက်ရေး အစွမ်းကုန်ကြိုးစားပေးသွားမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
ကာဝါရှီးမားက " ပြီးခဲ့တဲ့ဆီနီဂေါအသင်းနဲ့ ပွဲစဉ်မှာ ကျွန်တော့်ကိုကူညီခဲ့တဲ့အသင်းဖော်တွေကြောင့် အရမ်းဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ အဲဒါကြောင့် အခုအချိန်မှာ သူတို့ကိုပြန်ကူညီပေးချင်ပါတယ်။ ဂျပန်အသင်းကို ကိုယ်စားပြုခွင့်ရတဲ့အချိန်တိုင်း ဝေဖန်မှုတွေကိုရင်ဆိုင်အသင့်ပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ပွဲကလိုမျိုး ထပ်မမှားဖို့တော့ ကျွန်တော်ပြင်ဆင်သွားရမှာပါ'' ဟုပြောကြားခဲ့သည်။
ဂျပန်အသင်းသည် ယနေ့ညကစားမည့် ပိုလန်အသင်းနှင့်ပွဲစဉ်တွင် သရေကစားနိုင်ပါက (၁၆)သင်းအဆင့်သို့ အသင်းသမိုင်းတစ်လျှောက် (၃)ကြိမ်မြောက် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ကာဝါရှီးမားသည် ဂျပန်အသင်းအတွက် (၈၆)ပွဲပါဝင်ကစားပေးထားပြီး အိုကာဇာကီ၊ ဟာဆီဘီ၊ နာဂါတိုမို၊ ဟွန်ဒါ၊ ကာဂါဝါတို့ပြီးနောက် လက်ရှိက စားမားများထဲတွင် ပွဲအများဆုံးကစားထားသူဖြစ်သည်။