FFP စည်းမျဉ်းကိုချိုးဖောက်ခဲ့သည့် အေစီမီလန်ကို ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် တစ်နှစ်ပိတ်ပင်

FFP စည်းမျဉ်းကိုချိုးဖောက်ခဲ့သည့် အေစီမီလန်ကို ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် တစ်နှစ်ပိတ်ပင်
Published 28 June 2018

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ဘဏ္ဍာရေးကန့်သတ်မှုစည်းမျဉ်း (FFP)ကိုချိုးဖောက်ခဲ့သည့် အေစီမီလန်အသင်းအား ဥရောပပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် (၁)နှစ်ပိတ်ပင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။ ၂၀၁၄၊ ဇူလိုင်လမှ ၂၀၁၇ ဇူလိုင်လအထိ (၃)နှစ်ကြာ အချိန်ကာလတွက်ချက်မှုတွင် အေစီမီလန်အသင်းမှာ FFP စည်းမျဉ်းကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

အေစီမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီ စီးရီးအေပြိုင်ပွဲတွင် အဆင့် (၆)နေရာရရှိခဲ့သောကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရထားပြီး ယခုပြစ်ဒဏ်ကြောင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခွင့်ရတော့မည်မဟုတ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် အေစီမီလန်အသင်းမှာ အသုံးစရိတ် ယူရိုသန်း(၂၀၀)ကျော်အသုံးပြုခဲ့ပြီး ဝင်ငွေထွက်ငွေ ဘဏ္ဍာရေးဟန်ချက်ညီမျှမှုမရှိခဲ့သောကြောင့် FFP စည်းမျဉ်းကို ချိုးဖောက်ခဲ့ခြင်းလည်းဖြစ်သည်။ အေစီမီလန်အသင်းကမူ UEFA ၏ဆုံးဖြတ်ချက်အတွက် နိုင်ငံတကာအားကစားခုံရုံး(CAS)သို့ အယူခံဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီလက အေစီမီလန်အသင်းကို မူလပိုင်ရှင်ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီထံမှ တရုတ်စီးပွားရေးလုပ်ငန်းရှင် လီယောင်ဟွန်က ယူရို(၇၈၀)သန်းဖြင့် ဝယ်ယူခဲ့စဉ်ကတည်းက UEFA မှာ အသင်း၏တည်ငြိမ်မှုကို စိုးရိမ်မကင်းဖြစ်ခဲ့သည်။ UEFA ၏ FFP စည်းမျဉ်းသည် ဥရောပကလပ်တစ်ဝှမ်းရှိ ဘောလုံးကလပ်အသင်းများ ကြွေးမြီများမြင့်တက်လာမှုကိုရပ်တန့်ရန် ရေးဆွဲထားခြင်းဖြစ်ပြီး ကလပ်များအနေဖြင့် ဝင်ငွေထက်ကျော်လွန်ကာ သတ်မှတ်ထားသည့်ပမာဏထက်ပိုမိုသုံးစွဲခဲ့လျှင် အရေးယူအပြစ်ပေးလေ့ရှိခြင်းဖြစ်သည်။ အေစီမီလန်အသင်းသည် FFP စည်းမျဉ်းဖြင့် အရေးယူခြင်းခံရကာ ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခံရသည့် ပထမဆုံးထိပ်သီးကလပ်ဖြစ်လာပြီး ယခင်က မာလာဂါ၊ ရက်စတားဘဲဂရိတ်၊ ဂါလာတာစာရေးအသင်းတို့မှာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရဖူးသည်။

Most Read

Most Recent