လီဗာပူးလ်အသင်းတွင် ကီတာ ကျောနံပါတ်(၈)ဝတ်ဆင်မည်

လီဗာပူးလ်အသင်းတွင် ကီတာ ကျောနံပါတ်(၈)ဝတ်ဆင်မည်
Published 28 June 2018

ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် ဂီနီလက်ရွေးစင်ကွင်းလယ်လူ ကီတာသည် ဂန္ထဝင်အသင်းခေါင်းဆောင် စတီဗင်ဂျရတ်၏နံပါတ်(၈)အင်္ကျီကို ဝတ်ဆင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် အသက် (၂၃) နှစ်အရွယ်ကွင်းလယ်ကစားသမား ကီတာ၏ အပြောင်းအရွှေ့အတွက် ၂၀၁၇ ခုနှစ်၊ သြဂုတ်လကတည်းက လိုက်ပ်ဇစ်အသင်းနှင့် သဘောတူညီမှုရရှိထားခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေး  ပေါင် (၅၂)သန်း ပေးချေရမည်ဖြစ်သည်။ ကီ တာသည် ဇူလိုင် (၁)ရက်နေ့မှသာ လီဗာပူးလ်အသင်း၏ တရားဝင်ကစားသမားအဖြစ် စာချုပ်ချုပ်ဆိုမည်ဖြစ်သော်လည်း ဇွန် (၂၇) ရက်တွင် ဂန္ထဝင်ကစားသမား ဂျရတ်က မဲဝုဒ်လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာပြီးနောက် ၎င်းအား ကျောနံပါတ်(၈) ရိုက်နှိပ်ထားသည့် အင်္ကျီပေးအပ်ခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်း၏ နံပါတ်(၈)အင်္ကျီအား (၄၃) ဦးမြောက် ဝတ်ဆင်ခွင့်ရသူဖြစ်လာသည့် ကီတာသည် လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ (၇၁)ပွဲကစားခဲ့ကာ (၁၇) ဂိုးသွင်းယူပေးခဲ့ပြီး ပထမရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် (၂)နေရာ၌ ရပ်တည်ခွင့်ရရန် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင်မူ ယူရိုပါလိဂ်ဝင်ခွင့် အဆင့် (၆) နေရာဖြင့် ကျေနပ်ခဲ့ရသည်။

လီဗာပူးလ်အသင်းသည် ၎င်းမတိုင်မီ မိုနာကိုအသင်း၏ ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ညိုကိုလည်း ပေါင် (၃၉)သန်းဖြင့် ခေါ်ယူထားပြီးဖြစ်သည်။ သို့ဖြစ်ရာ လီဗာပူးလ်အသင်း၏ ၂၀၁၈ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်မှာ ပေါင် (၉၁) သန်းအထိရှိလာပြီး ကစားသမားသစ်များ ထပ်မံခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent