ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 28 June 2018

Photo: Getty Images

ဂျပန် နှင့် ပိုလန်
(မြန်မာစံတော်ချိန် ကြာသပတေးည  ၈း၃၀ နာရီ)
စာရွက်ပေါ်မှာတော့ ပိုလန်က ပိုကောင်းပါတယ်။ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်တိုက်စစ်မှူးဆိုတဲ့ လီဝန်ဒေါစကီး လည်းရှိနေတယ်။ ဒါပေမဲ့ မျှော်လင့်ချက်မဲ့၊ စိတ်ဓာတ်ပျက်နေတဲ့အသင်းဆီက အများကြီးမမျှော်လင့်သင့်ဘူး။ ဂုဏ်သိက္ခာအတွက် ပိုလန်ကစားဦးမယ်ဆိုပေမယ့် ဂျပန်ကိုပဲ ကြိုက်တယ်။

 

ဆီနီဂေါ နှင့် ကိုလံဘီယာ
(မြန်မာစံတော်ချိန် ကြာသပတေးည ၈း၃၀ နာရီ)
ကိုလံဘီယာက သရေဆိုရင် ဂျပန်ရဲ့ရလဒ်ကိုစောင့်ကြည့်ရတော့မယ်။ တကယ်တော့ ဒီအုပ်စုမှာ ဒီနှစ်သင်းက တက်သွားသင့်တဲ့အသင်းနှစ်သင်းပါ။ ပထမပွဲမှာ ကိုလံဘီယာ စောစောစီးစီး အနီကတ်ထိ၊ ရှုံးသွားတာ နစ်နာတယ်။ ဆီနီဂေါက အသင်းကောင်းတစ်သင်းဖြစ်ပြီး ကိုလံဘီယာက ပိုကောင်းပါတယ်။ ကိုလံဘီယာ သရေနဲ့အနိုင်ပဲ။

Photo: Getty Images

 

ပနားမား နှင့် တူနီးရှား
(မြန်မာစံတော်ချိန် သောကြာနံနက် ၀၀း၃၀ နာရီ)
နှစ်သင်းစလုံးက ထင်ထားတဲ့အတိုင်းပဲ အုပ်စုတွင်းတတိယနေရာကိုပဲ လုရတော့မယ်။ နှစ်ပွဲစီ ရှုံးထားကြတယ်။ တူနီးရှားပိုကောင်းတာကိုတော့ သံသယဖြစ်စရာမရှိဘူး။ ပနားမားထက် အစစအရာရာသာပါတယ်။ တူနီးရှားအတွက် ဒီပြိုင်ပွဲရဲ့ ပထမဆုံး (၃)မှတ် ရသွားလိမ့်မယ်။

 

အင်္ဂလန် နှင့် ဘယ်လ်ဂျီယံ
(မြန်မာစံတော်ချိန် သောကြာနံနက် ၀၀း၃၀ နာရီ)
ဘယ်လ်ဂျီယံက အရမ်းအားကောင်းတဲ့အသင်းပါ။ ဒီပြိုင်ပွဲမတိုင်ခင်ကတည်းက အားလုံးက အထင်တကြီးစောင့်ကြည့်ခဲ့ရတဲ့အသင်းဟာ မျှော်လင့်ရကျိုးနပ်လောက်တဲ့ခြေစွမ်းကို ပြသခဲ့တယ်။ ဟာဇက်ရဲ့ တစ်ကိုယ်တော်စွမ်းဆောင်ရည်နဲ့ တိုက်စစ်ကို ဦးဆောင်မှု၊ ဒီဘရိုင်းနားရဲ့ Vision နဲ့ အသင်းရဲ့ ဟန်ချက်ကို ထိန်းညှိနိုင်စွမ်းအပြင် ခံစစ်ကလည်း အရမ်းအားကောင်းနေတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာ လူငယ်တွေနဲ့ ခြေစွမ်းပြနေတဲ့ အင်္ဂလန်ကလည်း အကောင်းဆုံးပုံစံပြနေတဲ့အသင်းတွေထဲက တစ်သင်းပါ။ ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ပြီးခြေစွမ်းပြနေကြတဲ့ ဟာဇက်၊ ဒီဘရိုင်းနား၊ လူကာကူတို့ရဲ့အ ထာကို ကောင်းကောင်းနားလည်နေကြတဲ့ ကစားသမားတွေလည်းဖြစ်တယ်။ ဒါကြောင့် အင်္ဂလန်က ဘယ်လ်ဂျီယံကို ကြောက်နေစရာမရှိဘူး။ ဒီနှစ်သင်းရဲ့ လက်ရှိရမှတ်၊ ဂိုးကွာခြားချက်၊ သွင်းဂိုး၊ ပေးဂိုးတွေက အတူတူဖြစ်နေလို့ စည်းကမ်းပိုင်းမှတ်တမ်း နဲ့ ကြည့်မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အင်္ဂလန်က အဝါတစ်ကတ်လျော့ပြီး အားသာနေတာတွေ့ရတယ်။ ခက်တာက အုပ်စုဗိုလ်နေရာကိုလည်း ယူချင်ပါ့မလားဆိုတာပဲ။ ဘာကြောင့်လဲဆိုတော့ ဗိုလ်အသင်းက ကွာတားဖိုင်နယ်လောက်မှာ သွားကျပ် မယ့်သဘောဖြစ်နေပြီး ဒုတိယအသင်းက ပိုချောင်သွားနိုင်လို့ပါ။ အားလုံးခြုံကြည့်ရင်တော့ အင်္ဂလန်သရေကစားနိုင်တယ်။

Most Read

Most Recent