တံတောင်ဖြင့် တွက်လျှင် တိုက်ရိုက်အနီကတ်ပြရမည် ဖြစ်သော်လည်း စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့မှ ခြွင်းချက်ဖြစ်နေသည်ဟု ဆိုကာ VAR စနစ်ကို အီရန်နည်းပြ ဝေဖန်

တံတောင်ဖြင့် တွက်လျှင် တိုက်ရိုက်အနီကတ်ပြရမည် ဖြစ်သော်လည်း စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့မှ ခြွင်းချက်ဖြစ်နေသည်ဟု ဆိုကာ VAR စနစ်ကို အီရန်နည်းပြ ဝေဖန်
Published 27 June 2018

 

Photos: Getty Images

အီရန်အသင်းနည်းပြ ကားလို့စ်ကွီရော့ဇ်က ဘောလုံးဥပဒေတွင် တံတောင်ဖြင့်တွက်လျှင် တိုက်ရိုက်အနီကတ်ပြရမည်ဟု သတ်မှတ်ထားသော်လည်း စီရော်နယ်လ်ဒို နှင့် မက်ဆီတို့အတွက် ခြွင်းချက်ဖြစ်သည် ဟု ပြောဆိုကာ VAR စနစ်ကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

အီရန် (၁-၁) ပေါ်တူဂီ ပွဲစဉ်တွင် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အီရန်အသင်းနောက်ခံလူ ပူရာလီဂန်ဂျီကို တံတောင်ဖြင့် တွက်ခဲ့သည်။ ယင်းအချက်ကို ကွင်းလယ်ဒိုင် ကာဆာရက်စ်သည် ခြွင်း သေချာကြည့်ခဲ့သော်လည်း စီရော်နယ်လ်ဒိုကို အဝါကတ်သာ ပြသခဲ့ရာ အီရန်အသင်းနည်းပြ ကွီရော့ဇ်က ဒေါသထွက်နေခြင်း ဖြစ်သည်။

ကွီရော့ဇ်က " ဥပဒေမှာ ကစားသမားတစ်ယောက်က နောက်တစ်ယောက်ကို တံတောင်နဲ့ တွက်ရင် အနီကတ်ပဲ။ ဒါပေမဲ့ ဒီဥပဒေက မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့အတွက် သက်ရောက်မှု မရှိဘူးထင်တယ်။ တံတောင်နဲ့ တွက်တဲ့နေရာမှာ စီရော်နယ်လ်ဒိုတွက်တာနဲ့ တခြားကစားသမားတွေတွက်တာ ဘာများကွာခြားနေလို့လဲ။ သူက တံတောင်တစ်ဝက်နဲ့ပဲ တွက်လို့လား" ဟု Telegraph မှ သတင်းထောက် ဂျင်ဝှိုက် ကို ပြောကြားခဲ့သည်။ ထို့ပြင် ကွီရော့ဇ်က စီရော်နယ်လ်ဒိုသည် ၎င်းင်း၏ ကျော်ကြားမှုကြောင့် တိုက်ရိုက်အနီကတ် အပြမခံရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ၤFIFA ဥက္ကဋ္ဌ အင်ဖန်တီနို အနေဖြင့် VAR စနစ်ကို တိုးတက်အောင် ပြန်လည်ပြုပြင်မှုများ ပြုလုပ်ရမည်ဖြစ်သလို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ရမည်ဟု ကွီရော့ဇ် က တိုက်တွန်းခဲ့သည်။ ၎င်းက " VAR ကို ကြည့်ပြီး ဒိုင်လူကြီးတစ်ဦးတည်းပဲ ဆုံးဖြတ်တာလား။ နောက်ကွယ်မှာ ဆုံးဖြတ်တဲ့ လူ တွေရှိနေသေးလား ကျွန်တော် မသိပါဘူး။ ဘောလုံးပွဲဆိုတာ နောက်ကွယ်က လူတစ်ဦး နှစ်ဦးပဲ ပိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒီတော့ ကျွန်တော့်အနေနဲ့ မစ္စတာ အင်ဖန်တီနိုကို အကြံပေးချင်တာက သူတို့ရဲ့ လက်တွေကို မြှောက်ပြီး တောင်းပန်ပါတယ်ဗျာ။ VAR က အလုပ်မဖြစ်ပါဘူး။ ဒီတော့ ကျွန်တော်တို့ ရပ်လိုက်တော့မယ် ဒါမှမဟုတ် ရပ်ဘီပွဲ တွေလို ဆက်သွယ်ဆုံးဖြတ်တာတွေတာ ပွင့်လင်းမြင်သာမှုရှိပြီး လူတွေ အားလုံးသိအောင် လုပ်ပေးပါ့မယ်လို့သာ ပြောစေချင်ပါတယ်။ ဒီနေရာမှာ လူသားအမှားတွေကို လက်မခံပါဘူး။ လူသားမို့ မှားတယ်ဆိုတာကို အရင်ကပဲ လက်ခံပါတယ်။ ဒါပေမဲ့ စနစ်တစ်ခုအတွက် ငွေကြေးတွေ အများကြီးသုံးပြီး အဆင့်မြင့်နည်းပညာကို သုံးနေတယ်။ ဒါပေမဲ့ တာဝန်ယူမယ့်လူက မရှိဘူး။ VAR စနစ်ကို ကြည့် ပြီး ဘယ်သူ ဆုံးဖြတ်တာလဲ ဆိုတာကိုတော့ ကျွန်တော်တို့ သိဖို့ လိုပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent