အင်္ဂလန်အသင်းဗိုလ်စွဲလျှင်ရရှိမည့် အပိုဆုကြေးမှာ ဘယ်လ်ဂျီယံအသင်း၏တစ်ဝက်ခန့်သာရှိ

အင်္ဂလန်အသင်းဗိုလ်စွဲလျှင်ရရှိမည့် အပိုဆုကြေးမှာ ဘယ်လ်ဂျီယံအသင်း၏တစ်ဝက်ခန့်သာရှိ
Published 27 June 2018

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းဗိုလ်စွဲပါက ကစာသမား(၂၃)ဦးအား အပိုဆုကြေးအဖြစ် ပေါင် (၅)သန်းချီးမြှင့်ရန်စီစဉ်ထားသော်လည်း ယင်းပမာဏမှာ အုပ်စုတွင်းပြိုင်ဘက်ဘယ်လ်ဂျီယံအသင်း၏အပိုဆုကြေးတစ်ဝက်ခန့်သာရှိကြောင်း သိရသည်။

ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားနေသည့်အသင်းတစ်သင်းဖြစ်သော ဘယ်လ်ဂျီယံသည် အပိုဆုကြေးအဖြစ် ပေါင် (၉.၂) သန်းရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ ဘယ်လ်ဂျီယံကစားသမားတစ်ဦးအနေဖြင့် ပေါင် (၄၀၀၀၀၀) စီရရှိမည်ဖြစ်သောကြောင့် အင်္ဂလန်ကစားသမားများရရှိမည့် တစ်ဦးလျှင် ပေါင်(၂၁၇၀၀၀) ထက် တစ်ဝက်နီးပါးပိုများနေသည်။
အင်္ဂလန်အသင်းသည် ဘယ်လ်ဂျီယံအသင်း နှင့်အတူ (၁၆)သင်းအဆင့်သို့တက်ရောက်နိုင်ခဲ့သည့်အတွက် ပေါင် (၁)သန်းအပိုဆုကြေးရရှိခဲ့သည်။ အုပ်စုတွင်းအဓိကပြိုင်ဘက်နှစ်သင်း၏နည်းပြများမှာလည်း သက်ဆိုင်ရာအသင်းများ ဗိုလ်စွဲပါက အပိုဆုကြေးများရရှိမည်ဖြစ်သည်။ အင်္ဂလန်အသင်းဗိုလ်စွဲပါက နည်းပြဆောက်ဂိတ်အနေဖြင့် ပေါင် (၁.၅)သန်းရရှိမည်ဖြစ်ပြီး ဘယ်လ်ဂျီယံအသင်း ဗိုလ်စွဲပါက မာတီနက်ဇ်မှာ ပေါင် (၁)သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းအား ဆုကြေးအဖြစ် ပေါင် (၂၈)သန်း၊ ဒုတိယရသည့်အသင်းအား ပေါင် (၂၁) သန်း၊ တတိယရသည့်အသင်းအား ပေါင် (၁၈) သန်း၊ စတုတ္ထရသည့်အသင်းအား ပေါင် (၁၆)သန်း အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အင်္ဂလန်အသင်းတွင်ပါဝင်ခဲ့သောကစားသမားများသည် တစ်ဦးလျှင် ပေါင် (၁၀၀၀)စီ အပိုဆုကြေးရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent