ပြင်သစ်ကို သရေကစားပြီး ရှုံးထွက်(၁၆)သင်းအဆင့်သို့ ဒိန်းမတ်တက်ရောက်

ပြင်သစ်ကို သရေကစားပြီး ရှုံးထွက်(၁၆)သင်းအဆင့်သို့ ဒိန်းမတ်တက်ရောက်
Published 27 June 2018

 

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု (C)ရဲ့ နောက်ဆုံးပွဲစဉ် (၂)ပွဲမှာ ဒိန်းမတ်အသင်းဟာ နောက်တစ်ဆင့်အတွက် လိုအပ်နေတဲ့ သရေတစ်မှတ်ကို ရယူပြီး ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

တစ်ဖက်ပွဲစဉ်မှာတော့ နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ရှိနေတဲ့ သြစတြေးလျအသင်းဟာ ပီရူးကိုရှုံးနိမ့်ခဲ့လို့ အုပ်စုနောက်ဆုံးနေရာနဲ့ နှုတ်ဆက်ခဲ့ရပါတယ်။

ဒီပွဲဟာ ပြင်သစ်နည်းပြ ဒေးရွှမ့်အတွက် နည်းပြဘ၀ (၇၉)ပွဲမြောက်ကိုင်တွယ်တဲ့ ပွဲစဉ်ဖြစ်ပြီး ဒုတိယပွဲအများဆုံးဖြစ်တဲ့ နည်းပြဟောင်း ဒိုမီနစ်ချ်ရဲ့ စံချိန်ကိုလိုက်မီခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ဒိန်းမတ်အသင်းဘက်ကို ဂိုးရဖို့အားထုတ်မှုတွေရှိခဲ့ပေမယ့် ဒိန်းမတ်နောက်တန်းနဲ့ ဂိုးသမား ရှမိုက်ကယ်တို့ကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဂိုးပေါက်ပျောက်ခဲ့ရတာပါ။

အုပ်စုပွဲစဉ် (၃)ပွဲကစားပြီးချိန်မှာ ဂရစ်ဇ်မန်း၊ ဂျရူး၊ ဘာပေ၊ ဒမ်ဘီလီ၊ ဖယ်ကီယာတို့လို တိုက်စစ်မှူးတွေနဲ့ ပြင်သစ်အသင်း ပယ်နယ်တီ(၁)ဂိုးအပါအဝင် (၃)ဂိုးသာရရှိခဲ့တာက လာမယ့်ရှုံးထွက်အဆင့်ပွဲစဉ်တွေအတွက် ဖိအားပါပဲ။

ဒိန်းမတ်အသင်းကတော့ လိုအပ်တဲ့သရေတစ်မှတ်ကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့တာဖြစ်ပြီး အုပ်စု (၃)ပွဲမှာ ပယ်နယ်တီ (၁)ဂိုးသာပေးခဲ့ရတဲ့ ခံစစ်ပိုင်းကလည်း ကျေနပ်စရာကောင်းခဲ့ ပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာ ပြင်သစ်အသင်း ဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် ဖယ်ကီယာရဲ့ ကန်သွင်းမှုတွေဟာ ဂိုးကံခေနေခဲ့ပါတယ်။

ဒိန်းမတ်အသင်းကတော့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် (၅)ကြိမ်ယှဉ်ပြိုုင်ရာမှာ ရှုံးထွက် (၁၆)သင်းအဆင့်ကို (၃)ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သြစတြေးလျအသင်းနဲ့ ပီရူးအသင်းတို့ပွဲစဉ်မှာတော့ နိုင်ပွဲရရင် နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ရှိနေတဲ့ သြစတြေးလျအသင်းဟာ ဒီနေ့ပွဲမှာတော့ ကစားပုံမကောင်းခဲ့လို့ (၂)ဂိုးပြတ်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ပါတယ်။

ပီရူးအသင်းကတော့ ကမ္ဘာ့ဖလားနောက်ဆုံး (၉)ပွဲမှာ ပထမဆုံးနိုင်ပွဲပြန်ယူနိုင်ခဲ့တာဖြစ်ပြီး ခြေစွမ်းပိုင်းကလည်း ကျေနပ်စရာကောင်းခဲ့ပါတယ်။

ပီရူးအသင်းအဖွင့်ဂိုးကို စောစောစီးစီးရခဲ့တာကြောင့်လည်း သြစတြေးလျတို့ ပြန်လာဖို့ ခက်ခဲခဲ့တာပါ။

ပီရူးအတွက်အဖွင့်ဂိုးကို ပွဲချိန် (၁၈)မိနစ်မှာ ကာရီလိုကသွင်းယူပေးခဲ့ပြီး ဒါဟာ ၁၉၇၈ ကမ္ဘာ့ဖလားမှာ အီရန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲနောက်ပိုင်း ပီရူးအတွက် ပထမဆုံးအကြိမ် ဦးဆောင်ဂိုးရခဲ့တာလည်းဖြစ်ပါတယ်။

ပီရူးအသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန်မိနစ် (၅၀)မှာ ဝါရင့်တိုက်စစ်မှူး ဂွါရဲရိုးက သွင်းယူခဲ့တာပါ။

အသက် (၃၄)နှစ်နဲ့ (၁၇၆)ရက်ရှိပြီဖြစ်တဲ့ ဂွါရဲရိုးဟာ ကမ္ဘာ့ဖလားမှာဂိုးသွင်းယူနိုင်တဲ့ တတိယမြောက် အသက်ကြီးဆုံးတောင်အမေရိကကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အုပ်စု (C) ပွဲရလဒ်များ

ဒိန်းမတ် ဝ-၀ ပြင်သစ်

သြစတြေးလျ ဝ-၂ ပီရူး

Most Read

Most Recent