၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပါဝင်မကစားရန် ရီးယဲလ်အသင်း ဖိအားပေးခဲ့ဟု ဒီမာရီယာ ဖွင့်ဟ

၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပါဝင်မကစားရန် ရီးယဲလ်အသင်း ဖိအားပေးခဲ့ဟု ဒီမာရီယာ ဖွင့်ဟ
Published 27 June 2018

၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးတွေ့ရသည့် ဒီမာရီယာ (Phoro:AFP)

အာဂျင်တီးနားအသင်းတောင်ပံကစားသမား ဒီမာရီယာက ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပါဝင်မကစားရန် ရီးယဲလ်အသင်းက ဖိအားပေးခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

ယင်းအချိန်က ရီးယဲလ်ကစားသမားတစ်ဦးဖြစ်သည့်  ဒီမာရီယာသည် ဘယ်လ်ဂျီယံအသင်းနှင် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပေါင်ကြွက် သားဒဏ်ရာရရှိထားခဲ့ပြီး ဆေးထိုးကာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားရန်ကြိုးပမ်း နေချိန်တွင် ရီးယဲလ်မက်ဒရစ်အသင်းက စာရေးသားပေးပို့ကာ  တားဆီးခဲ့ခြင်းဖြစ်သည်။

ဒီမာရီယာက ''အဲဒီနေ့က မနက် ၁၁ နာရီ လောက် ရှိမယ်။ ကျွန်တော့်ဒဏ်ရာအတွက် ဆေးထိုးပြီးကစားဖို့ စောင့်ဆိုင်းနေခဲ့တယ်။  ဗိုလ်လုပွဲမှာ ဘာနာကျင်မှုမှ မခံစားရအောင်လေ၊ ဘာပဲဖြစ်ဖြစ် အဲဒီပွဲကို ကျွန်တော်ပါဝင်ကစားချင် တာပဲသိတယ်။ နောက်တော့ အခန်းထဲကို အသင်းဆရာဝန် ဒန်နီရယ်မာတီနက်ဇ်က စာအိတ်တစ်ခုကိုင်ပြီး ဝင်လာတယ်။ သူက ကျွန်တော့်ကို ပြောတယ်။ ဒီမှာကြည့် ..အိန်ဂျယ်၊ ဒီစာက ရီးယဲလ်မက်ဒရစ်က ပို့ပေးလိုက်တာ၊ ဒါနဲ့ ဘာအကြောင်း လဲမေးတော့ သူကပြန်ပြောတယ်။ သူတို့က ဗိုလ်လုပွဲမှာ မင်းကိုကစားဖို့ မဖြစ်နိုင်ဘူးတဲ့၊။ ငါတို့ကိုလည်း မင်းကို အသုံးမပြုဖို့ ဖိအားပေးပြောဆိုထားတယ်။ ကျွန်တော်လည်း  ချက်ချင်းသိလိုက်ပါ တယ်။ သူတို့က ကမ္ဘာ့ဖလားပြီးရင် ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ခေါ်ဖို့ပြင်နေတာလေ၊ နောက်ပြီး ကျွန် တော့်ကိုလည်း ရောင်းထုတ်မှာဆိုတော့ ဒဏ်ရာထပ်မရစေချင်ဘူးဆိုတာကိုပေါ့၊ အဲဒီစာကို ဒေါက်တာဆီက တောင်းယူခဲ့ပေမယ့် မဖတ်ဘဲ ကျွန်တော် စုတ်ဖြဲပစ်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

ဒီမာရီယာသည် ယင်းဗိုလ်လုပွဲတွင် အရန်စာရင်း၌ ပါဝင်ခဲ့ရသော်လည်း နည်းပြ ဆာဘယ်လာက ကစားခွင့်မပြုခဲ့၍ (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်မှုကို ကွင်းဘေးတွင်သာ ထိုင်ကြည့်ခဲ့ရသည်။

၎င်းမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး တစ်လကျော်အကြာတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပေါင် (၅၉.၇)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည်။

 

Most Read

Most Recent