မိုဒရစ်နှင့် ရာကီတစ်တို့မှာ ကမ္ဘာ့ဖလားတွင် အကောင်းဆုံးကွင်းလယ်အတွဲ ဖြစ်သည်ဟု ကော်လူကာ ပြောကြား

မိုဒရစ်နှင့် ရာကီတစ်တို့မှာ ကမ္ဘာ့ဖလားတွင် အကောင်းဆုံးကွင်းလယ်အတွဲ ဖြစ်သည်ဟု ကော်လူကာ ပြောကြား
Published 24 June 2018

Photo: AFP

ခရိုအေးရှားအသင်းနောက်ခံလူ ကော်လူကာက ၎င်းတို့အသင်း၏ ကွင်းလယ်အတွဲအဖက်ဖြစ်သည့် မိုဒရစ်နှင့် ရာကီတစ်တို့မှာ ယခုနှစ် ကမ္ဘာ့ဖလားတွင် အကောင်းဆုံးကွင်းလယ်အတွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

ခရိုအေးရှားအသင်းသည် အာဂျင်တီးနားအသင်းကို (၃-ဝ)ဂိုးဖြင့် အနိုင်ရပြီးနောက် (၁၆)သင်းရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပြီး အဆိုပါပွဲစဉ်တွင် မိုဒရစ်နှင့် ရာကီတစ်တို့ နှစ်ဦးစလုံး ဂိုးများ သွင်းယူနိုင်ခဲ့သည်။

ကော်လူကာက "သူတို့နှစ်ဦး(မိုဒရစ်နှင့် ရာကီတစ်)စလုံးက ထိပ်တန်းကလပ်အသင်းတွေမှာ ကစားနေကြတဲ့သူတွေပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခရိုအေးရှားအသင်းအတွက် သူတို့အကောင်းဆုံးခြေစွမ်းပြနေကြပါတယ်။ တစ်သင်းတည်းသားချင်းမို့လို့ ကျွန်တော်အနေနဲ့ ဘက်လိုက်ပြောတယ်ဆိုလည်း ခံရမှာပါပဲ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ မိုဒရစ်နဲ့ ရာကီတစ်အတွဲက ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကွင်းလယ်အတွဲအဖက်လို့ မြင်မိပါတယ်။ နောက်ပွဲစဉ်တွေမှာလည်း သူတို့ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

ခရိုအေရှားအသင်းသည် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယနေရာရရှိပြီးနောက် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရပြီး ယခုအကြိမ်တွင်မှ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent