ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 23 June 2018

Photo:AFP

ဘယ်လ်ဂျီယံ နှင့် တူနီးရှား (မြန်မာစံတော်ချိန် စနေည ၆း၃၀ နာရီ)

ဘယ်လ်ဂျီယံက ခြေစွမ်းအရရော၊ ယုံကြည်မှုအရပါ အကောင်းဆုံးပုံစံကိုရောက်နေပါပြီ။ ပနားမားရဲ့ခြေအဆင့်အတန်းက အားနည်းလွန်းတာမှန်ပေမယ့် ဘယ်လ်ဂျီယံရဲ့အကောင်းဆုံး ပုံစံမဟုတ်သေးတာတောင် ဂိုးပြတ်နိုင်ခဲ့တာကို သတိပြုရမယ်။ ဘယ်လ်ဂျီယံ (၂-ဝ)လောက်နဲ့နိုင်မယ်။

တောင်ကိုရီးယား နှင့် မက္ကဆီကို (မြန်မာစံတော်ချိန် စနေည ၉း၃၀ နာရီ)

တောင်ကိုရီးယားထက် မက္ကဆီကိုက အများကြီးပိုကောင်းပါတယ်။ ဒါပေမဲ့ Style of Play အရဆိုရင် တောင်ကိုရီးယားက မက္ကဆီကိုအသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်လိမ့်မယ်။ မက္ကဆီကို သာတာမှန်ပေမယ့် ဂိုးပြတ်မယ့်ပွဲမျိုးမဟုတ်ဘူး။ အကြိတ်အနယ်ကစားရဦးမှာပဲ။ (၁-ဝ၊ ၂-၁)ပဲဖြစ်မယ်။

ဂျာမနီ နှင့် ဆွီဒင် (မြန်မာစံတော်ချိန် တနင်္ဂနွေနံနက် ၀၀း၃၀ နာရီ)

ဂျာမနီက မက္ကဆီကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဒီပွဲကိုသာ ရှုံးခဲ့မယ်ဆိုရင် ပြိုင်ပွဲကထွက်ရဖို့ ရာခိုင်နှုန်းအရမ်းများသွားလိမ့်မယ်။ ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးက ဒီပွဲမှာ အပြောင်းအလဲအများကြီးလုပ်စရာမလိုဘူးလို့ ပြောထားပေမယ့် ကွင်းလယ်မှာ လုံးဝအလုပ်မဖြစ်တဲ့ ခီဒီရာကို ပွဲထွက်လူစာရင်းက ခေါက်ထားမယ်ထင်တယ်။ ခံစစ်မှာလည်း မက္ကဆီကို နဲ့ ပွဲတုန်းက ဖျားနေလို့ ဝင်မကစားနိုင်တဲ့ ကိုလုံးက ဟက်တာက ကစားဖို့များပြီး ဟာသာဘာလင် ဘယ်နောက်ခံလူ ပလက်တန်ဟတ်နေရာမှာ ဝင်လာလိမ့်မယ်။ မာကိုရွိုက်စ်ကတော့ ပထမပွဲကလိုပဲ အရန်ခုံကနေ ထလာရဖို့များပါတယ်။ ဆွီဒင်အသင်းမှာ ဘွန်ဒစ်လီဂါအခြေစိုက်ကစားသမားအချို့ရှိတယ်။ လိုက်ပ်ဇစ်က ဖော့စ်ဘတ်၊ ဟမ်းဘတ်က အက်က်ဒယ်လ်နဲ့ ဝါဒါဘရီမင်က ဘာဂတ်စတင်ဆန်တို့ အကုန်ဒီပွဲမှာ ပွဲထွက်လာဖု့ိများတယ်။ ဆွီဒင်က ကြံ့ခိုင်မှုအားကောင်းပြီး အဖွင့်ပွဲတုန်းက တောင်ကိုးရီးယားကို စိုးမိုးထားနိုင်ခဲ့တဲ့အသင်းပါ။ အဖွင့်နိုင်ပွဲလည်း ရထားလို့ ဒီပွဲမှာ သရေကစားနိုင်ဖို့အတွက်ကို ပစ်မှတ်ထားလိမ့်မယ်။ ဂျာမနီက မက္ကဆီကိုနဲ့ပွဲတုန်းက ကစားပုံက အားရစရာမရှိဘူး။ ဒါပေမဲ့ မက္ကဆီကိုရဲ့ပွဲအထာကိုဖတ်နိုင်ခဲ့တဲ့ ဒုတိယပိုင်းမှာ တော်တော်ကောင်းပါတယ်။ ဆွီဒင်အကြောင်းကတော့ ကောင်းကောင်းသိပြီးသားပါ။ ဂျာမနီ နိုင်ပွဲပြန်ယူမယ်။

 

Most Read

Most Recent