ရှာကီရီရဲ့နောက်ကျသွင်းဂိုးနဲ့ အဖိုးတန်နိုင်ပွဲရခဲ့တဲ့ ဆွစ်ဇာလန်

ရှာကီရီရဲ့နောက်ကျသွင်းဂိုးနဲ့ အဖိုးတန်နိုင်ပွဲရခဲ့တဲ့ ဆွစ်ဇာလန်
Published 23 June 2018

■ ဆားဘီးယား ၁-၂ ဆွစ်ဇာလန်

ဆွစ်ဇာလန်အတွက် အနိုင်ဂိုးကို ရှာကီရီ သွင်းယူလိုက်စဉ်

 

အုပ်စု (E) ရဲ့နောက်ဆုံးပွဲစဉ်မှာတော့ ဆွစ်ဇာလန်အသင်းဟာ တောင်ပံကစားသမား ရှာကီရီရဲ့နောက်ကျသွင်းဂိုးနဲ့ ဆားဘီးယားကိုအနိုင်ရပြီး နောက်တစ်ဆင့်အတွက် အခွင့်အရေးကောင်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ နှစ်သင်းစလုံး အဓိကကစားသမားအစုံအလင်နဲ့ပွဲထွက်ခဲ့ပြီး ဆားဘီးယားအသင်းမှာ ကိုလာရော့ဗ်၊ အီဗန်နိုဗစ်၊ မာတစ်၊ တာဒစ်၊ မီလင်ကိုဗစ်၊ မီထရိုဗစ်တို့ပါဝင်ခဲ့သလို ဆွစ်ဇာလန်အသင်းမှာလည်း လစ်ချ်စတိန်နာ၊ ရီကာဒိုရီဒရီဂွက်ဇ်၊ ချာကာ၊ ရှာကီရီ၊ ဇူဘာ၊ ဆီဖာရိုဗစ် စတဲ့ကစားသမားတွေပါဝင်ခဲ့ပါတယ်။ ပွဲအစ (၅)မိနစ်မှာပဲ ဆားဘီးယားတို့ဦးဆောင်ဂိုးရခဲ့ြ့ပီး တာဒစ်ရဲ့ပေးပို့မှုကနေ မီထရိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ အဲဒီနောက်ပိုင်း ဆားဘီးယားအသင်းကပဲတိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးကန်သွင်းတွေရရှိခဲ့ပေမယ့် မီလင်ကိုဗစ်၊ မီထရိုဗစ်တို့ရဲ့ကန်ချက်တွေလွဲချော်ခဲ့လို့ ဦးဆောင်ဂိုးထပ်မရခဲ့တာပါ။ ပွဲချိန်(၃၀)မိနစ်မှာ ဆွစ်ဇာလန်ကွင်းလယ်လူ ဇယ်မယ်လီ အပိုင်ကန်ခွင့်ရပေမယ့် ဂိုးသမားပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ ဆားဘီးယားတို့ သက်သာရာရခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာ ဆွစ်ဇာလန်တို့ ကစားပုံကောင်းလာခဲ့ပြီး ဆားဘီးယားဘက် ဖိအားကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် (၅၂) မိနစ်မှာတော့ ကွင်းလယ်လူ ချာကာ ဂိုးဧရိယာအပြင်ဘက်ကနေ အပြင်းကန်ချက်နဲ့လှလှပပ ကန်သွင်းအဆုံးသတ်ပြီး ဆွစ်ဇာလန်အတွက် ချေပဂိုးရယူပေးခဲ့ပါတယ်။ ပွဲချိန် (၅၈)မိနစ်မှာလည်း ရှာကီရီရဲ့ကန်ချက် ဂိုးဘားတန်းနဲ့ကပ်ထွက်သွားခဲ့တာကြောင့် ဆွစ်ဇာလန်တို့ နစ်နာခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းအပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပေမယ့် ထိရောက်တဲ့ဂိုးကန်သွင်းခွင့်တော့ မရခဲ့ပါဘူး။ ပွဲချိန် (၈၉)မိနစ်အရောက်မှာတော့ ဆွစ်ဇာလန်တို့ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကို တောင်ပံကစားသမား ရှာကီရီက သွင်းယူပေးခဲ့တာဖြစ်ပြီး အဖိုးတန်အနိုင်ဂိုးလည်းဖြစ်သွားခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့် ဆွစ်ဇာလန်ဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဦးဆောင်ဂိုးပေးခဲ့ရပြီး အနိုင်ရလဒ်ထွက်ပေါ်အောင်ကစားနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Most Read

Most Recent