မူဆာ၏ဒုတိယပိုင်းသွင်းဂိုးများဖြင့် နိုင်ဂျီးရီးယားနိုင်ပွဲရယူ

မူဆာ၏ဒုတိယပိုင်းသွင်းဂိုးများဖြင့် နိုင်ဂျီးရီးယားနိုင်ပွဲရယူ
Published 23 June 2018

 

 

အာဂျင်တီးနားအသင်းပါဝင်သည့် အုပ်စု (D) ပွဲစဉ်တစ်ပွဲဖြစ်သော နိုင်ဂျီးရီးယားအသင်းနှင့် အိုက်စလန်အသင်းတို့ပွဲစဉ်တွင် နိုင်ဂျီးရီးယားအသင်းက တိုက်စစ်မှူး မူဆာ၏ဒုတိယပိုင်းသွင်းဂိုးများဖြင့် အဖိုးတန်နိုင်ပွဲရယူနိုင်ခဲ့သည်။

နိုင်ဂျီးယားအသင်းတွင် ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားဖြစ်သည့် မူဆာ၊ မော့ဆက်စ်၊ အီဟီယန်နာချို၊ အန်ဒီဒီတို့အပါအဝင် အသင်းခေါင်းဆောင်အဖြစ် ချယ်လ်ဆီးကွင်းလယ်လူဟောင်း မီခေးလ်က ဦးဆောင်ကစားခဲ့သည်။ အုပ်စုအဖွင့်ပွဲစဉ်တွင် အာဂျင်တီးနားအသင်းကိုသရေကစားနိုင်ခဲ့သည့် အိုက်စလန်အသင်းကလည်း ဆီဂတ်ဒ်ဆန်၊ ဖင်ဘော်ဂါဆန်၊ ဘီယန်းနာဆန် စသည့် အဓိကကစားသမားများနှင့် ပွဲထုတ်ခဲ့သည်။ နိုင်ဂျီးရီးယားအသင်းသည်အိုက်စလန်ကို ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း အိုက်စလန်အသင်းက အပိုင်အခွင့်အရေးပိုမိုရရှိခဲ့သည်။ပွဲချိန် (၆)မိနစ်တွင် ဆီဂတ်ဒ်ဆန်အပိုင်ကန်သွင်းခွင့်ရခဲ့သော်လည်း နိုင်ဂျီးရီးယားဂိုးသမားက ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန်(၄၅)မိနစ်တွင်လည်း အလွတ်တည်ကန်ဘောမှရရှိသည့် ဖြတ်တင်ဘောကိုတိုက်စစ်မှူး ဖင်ဘော်ဂါဆန် ပိတ်သွင်းရန်ကြိုးစားခဲ့သော်လည်း အနည်းငယ်နောက်ကျနေခဲ့ရာ အိုက်စလန်အသင်းနစ်နာခဲ့ရသည်။

ဒုတိယပိုင်းတွင်လည်း နိုင်ဂျီးရီးယားအသင်းကပဲ ပွဲကိုဦးဆောင်ကစားခဲ့ပြီး အိုက်စလန်က တန်ပြန်တိုက်စစ်နဲ့သာ ရင်ဆိုင်ခဲ့သည်။ ပွဲချိန် (၄၉)မိနစ်မှာတော့ မော့ဆက်စ်ရဲ့ပေးပို့မှုကနေ မူဆာက လှလှပပ ကန်သွင်းပြီး နိုင်ဂျီးရီးယားတို့ဦးဆောင်ဂိုးရရှိခဲ့သည်။ ပွဲချိန်(၇၅)မိနစ်တွင် နိုင်ဂျီးရီးယားတို့ ဒုတိယဂိုးရရှိခဲ့ြ့ပီး ခြေစွမ်းပြနေသည့် မူဆာက ဂိုးသမားကို လိမ်ခေါက်ကာ သွင်းယူသွားခဲ့ခြင်းဖြစ်သည်။ အိုက်စလန်အသင်းကလည်း တိုက်စစ်ဖွင့်ကစားလာခဲ့ပြီး ပွဲချိန်( ၈၃)မိနစ်တွင်ဖင်ဘော်ဂါဆန်ကိုနိုင်ဂျီးရီးယားနောက်ခံလူအီဘူဟီက ကြမ်းတမ်းစွာကစားခဲ့သည့်အတွက် ပင်နယ်တီကန်ခွင့်ရရှိခဲ့သည်။ ယင်းပယ်နယ်တီအား ဆီဂတ်ဒ်ဆန်ကန်သွင်းခဲ့ရာ ဂိုးဘားတန်ပေါ်ကျော်သွားသဖြင့် အိုက်စလန်အသင်း ချေပဂိုးရမည့် အခွင့်အရေးနှင့်လွဲချော်ခဲ့ရပြီး (၂-ဝ)ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲ၏ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုအား ခြေစွမ်းပြကာ (၂)ဂိုးသွင်းယူခဲ့သည့် နိုင်ဂျီးရီးယားအသင်းတိုက်စစ်မှူး မူဆာက ရရှိခဲ့သည်။