မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှင့် ယှဉ်ပြိုင်ကာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာရန် ဟာရီကိန်း ဆန္ဒပြင်းပြနေ

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှင့် ယှဉ်ပြိုင်ကာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာရန် ဟာရီကိန်း ဆန္ဒပြင်းပြနေ
Published 20 June 2018

Photos: AFP

အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက မိမိအနေဖြင့် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှင့် ယှဉ်ပြိုင်ကာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာရန် ဆန္ဒပြင်းပြနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ စပါးအသင်းတိုက်စစ်မှူးဟာရီကိန်းသည် ပြီးခဲ့သည့်တူနီးရှားနှင့်အုပ်စုအဖွင့်ပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက်ခြေစွမ်းပြကာ (၂)ဂိုးသွင်းယူပေးခဲ့ပြီး (၂-၁)ဂိုးဖြင့် အနိုင်ရရှိစေခဲ့သည်။ ထို့ကြောင့် ဟာရီကိန်းသည် အင်္ဂလန်အသင်းအတွက် (၂၅)ပွဲပါဝင်ကစားခဲ့ရာတွင် သွင်းဂိုး (၁၅)ဂိုးအထိရှိလာခဲ့ပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်း တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းအတွက် တစ်ပွဲတည်း (၂)ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက်ချီးမြှင့်သည့် Ballon d'Or ဆုအား နောက်ဆုံး ဆယ်စုနှစ်တစ်ခုအတွင်း မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့က (၅)ကြိမ်စီရရှိထားသည်။ သို့ရာတွင် ဟာရီကိန်းက ယင်းဆုအတွက်မည်သည့်ကစားသမားကိုမှ ကန့်သတ်ထားခြင်းမရှိကြောင်း၊ မက်ဆီနှင့်စီရော်နယ်လ်ဒိုတို့မှာလည်း ယင်းဆုအတွက် စိန်ခေါ်မှုများရှိနေကြောင်း ပြောကြားခဲ့သည်။

 

ဟာရီကိန်းက ''အောင်မြင်မှုရဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်ဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ ကန့်သတ်ထားတာဟာ အလုပ်မဖြစ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ဖို့ အမြင့်ဆုံးရည်မှန်းချက်ထားရှိရပါမယ်။ ကမ္ဘာ့ဖ လားလို ပြိုင်ပွဲမျိုးမှာ ကျွန်တော်ဘာလုပ်ပြနိုင်သလဲဆိုတာ သက်သေပြချင်ပါတယ်။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားတွေပါ။ ဒါပေမဲ့ သူတို့မှာလည်း စိန်ခေါ်မှုတွေရှိနေပါတယ်။ ကျွန်တော်က တော့ အသင်းအတွက် အရေးပါတဲ့ပွဲတွေမှာ အကောင်းဆုံးစွမ်းဆောင်ပေး နိုင်ဖို့ပဲ ကြိုးစားသွားရမှာပါ '' ဟုပြောကြားခဲ့သည်။

လက်ရှိ Ballon d'Or ဆုရှင် စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းအတွက် (၄၃၈)ပွဲကစားခဲ့ရာတွင် ဂိုး(၄၅၀) သွင်းယူပေးခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၃)နှစ်ဆက်ဗိုလ်စွဲနိုင်ရန် စွမ်းဆောင်ပေးခဲ့သည်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီမှာလည်း အသင်းအတွက် (၅၅၂)ဂိုးသွင်းယူပေးထားပြီး ပြီးခဲ့သည့်ရာသီက လာလီဂါချန်ပီယံဆု ရရှိစေခဲ့သည်။ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းမှာမူ ပြီးခဲ့သည့်ရာသီက (၄၁)ဂိုးသွင်းယူခဲ့ခြင်းအပါအဝင် (၄)ရာသီအတွင်း (၁၃၅)ဂိုးသွင်းယူပေးထားသည်။ သို့ဖြစ်ရာ ဟာရီကိန်းအနေဖြင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ အောင်မြင်မှုရယူနိုင်မှသာ Ballon d'Or ဆုအတွက် မျှော်လင့်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent