၂၀၁၈ ရုရှား ကမ္ဘာ့ဖလားကို စောင့်ကြည့်နေပြီး ဒရုန်းဗုံးများဖြင့် တိုက်ခိုက်မည်ဟု ဝါဒဖြန့်ဗီဒီယိုထုတ်ကာ ISIS အကြမ်းဖက်သမားများ ခြိမ်းခြောက်လာပြန်

၂၀၁၈ ရုရှား ကမ္ဘာ့ဖလားကို စောင့်ကြည့်နေပြီး ဒရုန်းဗုံးများဖြင့် တိုက်ခိုက်မည်ဟု ဝါဒဖြန့်ဗီဒီယိုထုတ်ကာ ISIS အကြမ်းဖက်သမားများ ခြိမ်းခြောက်လာပြန်
Published 17 June 2018

 

Photo: Sports Bible

ISIS အကြမ်းဖက်သမားများသည် လက်ရှိကျင်းပလျက်ရှိသည့် ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲအား အကြမ်းတိုက်ခိုက်သည့် ဗီဒီယိုတစ်ခုကို ထပ်မံလွှင့်တင်ခဲ့ပြီး ရုရှား နိုင်ငံရှိ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေသည့် ဘောလုံးကွင်းများကို ဒရုန်းဗုံးများဖြင့် တိုက်ခိုက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ယခုလွှင့်တင်လိုက်သည့် ISIS အကြမ်းဖက်အဖွဲ့သည် ရုရှား နိုင်ငံရှိ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပသည့် ကွင်းများကို ဗုံးဖောက်ခွဲသည့်ပုံစံများကို ပြသခဲ့ပြီး အသံနက်ကြီးဖြင့် "ငါတို့ မင်းကို စောင့်ကြည့်နေတယ်။ ငါတို့မှာ ဒရုန်းတွေရှိတယ်။ အခု ဖောက်ခွဲမယ့်နေရာတွေကို ငါတို့ ရှာနေတယ်။ ပြီးရင် ငါတို့ တိုက်ခိုက်မယ်" ဟု ပြောကြားခဲ့သည်။ ISIS အဖွဲ့မှ လွှင့်တင်ခဲ့သည့် အဆိုပါဗီဒီယိုသည် လူမှုကွန်ရက်များတွင် ပြန့်နှံခဲ့ပြီး ဘောလုံးပရိသတ်များကြားတွင် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ISIS အကြမ်းဖက်အဖွဲ့သည် အီရတ် နှင့် ဆီးရီးယားနိုင်ငံတို့၌ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ဖူးရာ ယခုခြိမ်းခြောက်မှုမှာ ဖြစ်လာဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။ ထို့ပြင် ပြီးခဲ့သည့်တစ်ပတ်က ကျင်းပခဲ့သော သိပ္ပံပွဲတော်တွင် ဒရုန်းကျွမ်းကျင်ပညာရှင်နှင့် ဗြိတိန်သိပ္ပံပညာရှင် ဒေါက်တာစတီဖင်ပိုင်ယာက " ISIS ဟာ ဈေးပေါတဲ့ ဒရုန်းတွေကို ဝယ်ယူတဲ့ ပထမဆုံးအကြမ်းဖက်အဖွဲ့ ဖြစ်ပါတယ်။ အဲဒါတွေကိုလည်း သူတို့ဟာ အီရတ်နဲ့ ဆီးရီးယားမှာ သုံးခဲ့ပြီးပါပြီ။ အကြမ်းဖက်သမားတွေဟာ ဒရုန်းအသုံးပြုနည်းတွေနဲ့ ထုတ်လုပ်နည်းတွေကို သင်ယူခဲ့ပြီး (၉)လအကြာမှာ ကိုယ်ပိုင်ဒရုန်းတွေကိုလည်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့အနေနဲ့ ဒရုန်းတွေကို သိပ်ပြီး မသုံးသေးတာကိုတော့ ကျွန်တော် အံ့သြမိပါတယ်။ ကျွန်တော့် အထင်ကို ပြောရရင်တော့ အချိန်ကောင်းကို သူတို့ စောင့်ကြည့်နေတယ်လို့ ထင်တယ်" ဟု ပြောကြားခဲ့သည်။

ISIS အကြမ်းဖက်အဖွဲ့သည် ပြီးခဲ့သည့်စနေနေ့ကလည်း ရုရှား နိုင်ငံမှ ဘောလုံးကွင်းများကို စောင့်ကြည့် နေသည့် အသေခံတပ်သားတစ်ယောက်၏ ပိုစတာကို ထုတ်ပြခဲ့ပြီး ယင်းပိုစတာပေါ်တွင် " အကြမ်းဖက်မှုများ စတင်တော့မည်" ဆိုသည့်စာသားကို ထည့်သွင်းရေးသားထား ကြောင်း သိရှိရသည်။

ရုရှားစစ်တပ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီကပင် အဆင့်မြင့်နည်းပညာသုံး ဒရုန်းဖျက်စနစ်များကို တပ်ဆင်ထားခဲ့သလို၊ ဘောလုံးကွင်းများတွင်လည်း ရုရှားစစ်သားများက စောင့်ကြည့်နေကြကြောင်း သိရသည်။ သို့သော် ISIS အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းရန် ရုရှားနိုင်ငံမှ ထွက်ခွာခဲ့သည့် နိုင်ငံသား ပေါင်း (၉၀၀၀)ကျော် ရှိကြောင်းလည်း သိရှိရသည်။

Most Read

Most Recent