တူနီးရှားအသင်းနှင့်ပွဲ၌ လင်ဂတ်၊ အက်ရှ်လေယန်း၊ မစ်ဂွိုင်းရေး၊ ဟန်ဒါဆန်တို့ ပွဲထွက်ခွင့်ရဖွယ်ရှိ

တူနီးရှားအသင်းနှင့်ပွဲ၌ လင်ဂတ်၊ အက်ရှ်လေယန်း၊ မစ်ဂွိုင်းရေး၊ ဟန်ဒါဆန်တို့ ပွဲထွက်ခွင့်ရဖွယ်ရှိ
Published 17 June 2018

 

Photo: AFP

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (G)အဖွင့်ပွဲ စဉ်အဖြစ် တူနီးရှားအသင်းနှင့်ကစားမည့်ပွဲ ၌ အင်္ဂလန်အသင်းတွင် လင်ဂတ်၊ အက်ရှ်လေယန်း၊ မစ်ဂွိုင်းရေး၊ ဟန်ဒါဆန်တို့ ပွဲထွက်ခွင့်ရဖွယ်ရှိကြောင်း ဗြိတိန်သတင်းဌာနများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

အင်္ဂလန်အသင်းသည် တူနီးရှားအသင်း နှင့် ဇွန် (၁၈) ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နည်းပြဆောက်ဂိတ်အနေဖြင့် (၃-၅-၂) ပုံစံကစားကွက် အသုံးပြုဖွယ်ရှိကြောင်း Sky Sports နှင့် The Guardian သတင်းဌာန တို့က သုံးသပ်ဖော်ပြသည်။ ယင်းကစားကွက်အရ တိုက်စစ်တွင် ဟာရီကိန်းနှင့် စတာလင် ကို အသုံးပြုဖွယ်ရှိပြီး ဇွန် (၁၅) ရက်မှ ပြန်လည် လေ့ကျင့်နိုင်သည့် ရပ်ရှ်ဖို့ဒ်ကိုမူ အရန်အဖြစ်သာ ထားရှိနိုင်ကြောင်း ယင်းသတင်းဌာနများက ဖော်ပြခဲ့သည်။

ထို့ပြင် ကွင်းလယ်တွင် ဒိုင်ယာအစား ဟန်ဒါဆန်ကိုသာ အသုံးပြု၍ လင်ဂတ်နှင့် အယ်လီမှာလည်း ကွင်းလယ်သုံးဦးနေရာတွင် ကစားခွင့်ရဖွယ်ရှိနေသည်။ ခံစစ်အထိုင်သုံးဦးနေရာတွင် ဝါရင့်ကစားသမား ဂယ်ရီကာဟေးလ်ကို ချန်လှပ်၍ မစ်ဂွိုင်းရေး၊ ဂျွန်စတုန်းစ်နှင့် ဝေါ်လ်ကာတို့ကို အသုံးပြုကာ တောင်ပံခံစစ်နှစ်နေရာတွင် အက်ရှ်လေယန်းနှင့် ထရစ်ပီယာတို့ကို အသုံးပြုဖွယ်ရှိကြောင်း သိရသည်။ ဂိုးသမားနေရာ တွင်လည်း ပြိုင်ပွဲအကြိုခြေစမ်းပွဲများ၌ ပွဲ ထွက်ခွင့်ရခဲ့သည့် ပစ်ဖို့ဒ်ကိုပင် ဆက်လက်အသုံးပြုဖွယ်ရှိကြောင်း Sky Sports သတင်းဌာနက ဖော်ပြသည်။

အင်္ဂလန်နှင့် တူနီးရှားအသင်းသည် ယခုပွဲမတိုင်မီ နှစ်ကြိမ်ဆုံတွေ့ဖူးရာ အင်္ဂလန် အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားသည်။