ကွင်းလယ်လူ ချာကာအား အာဆင်နယ်အသင်း ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆို

ကွင်းလယ်လူ ချာကာအား အာဆင်နယ်အသင်း ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆို
Published 16 June 2018

အာဆင်နယ်အသင်းသည် အသင်း၏ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်လူ ချာကာအား ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။ အသက် (၂၅)နှစ်ရှိ ချာကာသည် ၂၀၁၆ ခုနှစ်၊ မေလတွင် မိုချင်ဂလာဘတ်အသင်းမှ အာဆင်နယ်သို့ရောက်ရှိလာခဲ့သူဖြစ်ပြီး နည်းပြဟောင်း အာစင်ဝင်းဂါးလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရခဲ့သူဖြစ်သည်။

 

အာဆင်နယ်အသင်းသည် ဆွစ်ဇာလန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် ရုရှားသို့ရောက်ရှိနေသော ချာကာ၏ အာဆင်နယ်အသင်းဝတ်စုံဝတ်ဆင်ကာ လက်မှတ်ရေးထိုးနေသည့်ပုံနှင့် ဗီဒီယိုဖိုင်ကို အသင်း၏တရားဝင်လူမှုကွန်ရက်အကောင့်များတွင်လွှင့်တင်ကာ ပရိသတ်များအား အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းဗီဒီယိုဖိုင်တွင် ချာကာက အာဆင်နယ်ပရိသတ်များအား နှုတ်ခွန်းဆက်ကာ အသင်းနှင့်စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ပျော်ရွှင်မိကြောင်း၊ အနာဂတ်တွင် အသင်းနှင့်အတူ အောင်မြင်မှုများရယူုနိုင်ရန် မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်နည်းပြ အမ်မရီကလည်း '' ချာကာကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ အသင်းမှာ သူဟာအရေးပါတဲ့ ကစားသမားပါ။ လူငယ်တစ်ဦးဖြစ်လို့ အများကြီးတိုးတက်လာနိုင်ပါသေးတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွစ်ဇာလန်အသင်းနဲ့အတူ အောင်မြင်မှုရရှိနိုင်ဖို့ မျှော်လင့်ပါတယ်။ နောက်ပြီး ရာသီသစ်အတွက် အသင်းကိုကြံ့ခိုင်မှုအပြည့်နဲ့ပြန်လာနိုင်ပါစေလို့လည်း မျှော်လင့်ပါတယ်'' ဟု အာဆင်နယ်အသင်းဝက်ဘ်ဆိုက်မှ ပြောကြားခဲ့သည်။ ချာကာ၏အာဆင်နယ်နှင့်မူလချုပ်ဆိုထားသော စာချုပ်မှာ ၂၀၂၁ခုနှစ်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ယခုစာချုပ်ကြောင့် အသင်းတွင် ကာလရှည်ဆက်ရှိနေမည်ဖြစ်သည်။ ဆွစ်ဇာလန်အသင်းသည် လာမည့် ဇွန် (၁၇)ရက်တွင် ဘရာဇီးလ်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent