ဆိုင်းငံ့ထောင်ဒဏ် (၂)နှစ်နှင့် ဒဏ်ငွေယူရို (၁၈.၈)သန်းပေးဆောင်ရန် စပိန်ရှေ့နေများ၏ တောင်းဆိုမှုကို စီရော်နယ်လ်ဒိုလက်ခံ

ဆိုင်းငံ့ထောင်ဒဏ် (၂)နှစ်နှင့် ဒဏ်ငွေယူရို (၁၈.၈)သန်းပေးဆောင်ရန် စပိန်ရှေ့နေများ၏ တောင်းဆိုမှုကို စီရော်နယ်လ်ဒိုလက်ခံ
Published 16 June 2018

ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပေါ်တူဂီကြယ်ပွင့်ဘောလုံးသမား စီရော်နယ်လ်ဒိုသည် စပိန်အစိုးရရှေ့နေများနှင့် ညှိုနှိုင်းဆွေးနွေးမှုအဆင်ပြေခဲ့ပြီးနောက် ထောင်ဒဏ် (၂)နှစ်နှင့် ဒဏ်ကြေးငွေ ပေါင် (၁၆.၅)သန်း၊ (ယူရို ၁၈.၈ သန်း) ပြစ်ဒဏ်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

စပိန်အစိုးရရှေ့နေများသည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက စီရော်နယ်လ်ဒိုသည် ၎င်းပေးဆောင်ရမည့်အခွန် ပေါင် (၁၂.၉) သန်း၊ (ယူရို ၁၄.၈) သန်းကို ရှောင်လွဲှခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ထောင်ဒဏ် (၂)နှစ်မှ၊ (၈)နှစ်အထိ ကျခံရဖွယ်ရှိသည့်စွပ်စွဲမှုကို ပြုလုပ်ခဲ့သည်။ သူသည် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း ပေးဆောင်ရမည့်အခွန်များကို ရှောင်ရှားရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံရခြင်းဖြစ်ပြီး ရော်နယ်လ်ဒိုနှင့် ၎င်း၏ ရှေ့နေတို့က ယင်းစွပ်စွဲမှုများကို ငြင်းဆန်ခဲ့ကြသည်။

 

ရော်နယ်လ်ဒိုသည် ပုံရိပ်အသုံးပြုခွင့်မှရသည့် ငွေများကို အိုင်ယာလန်မှတစ်ဆင့် ရှောင်လွဲှရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး စပိန်အစိုးရရှေ့နေများသည် ၎င်း၏ စာချုပ်အချက်အလက်များ၊ ငွေကြေးရပိုင်ခွင့်များကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး လုံလောက်သည့်သက်သေများကို ရရှိပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ နောက်ဆုံးတွင် စီရော်နယ်လ်ဒိုက ယင်းစွပ်စွဲမှုများကို ကြေအေးပေးရန်အတွက် ဒဏ်ကြေးငွေနှင့်တကွ ကမ်းလှမ်းခဲ့သော်လည်း စပိန်အစိုးရရှေ့နေများက ပယ်ချခဲ့ကြောင်း သိရှိရသည်။

Photo: Getty Images

ယခုအချိန်တွင်မူ စီရော်နယ်လ်ဒိုသည် ၎င်း၏ ရှေ့နေ၏ တိုက်တွန်းချက်အရ စပိန်အစိုးရရှေ့နေများဘက်မှ နောက်ဆုံးတောင်းဆိုလိုက်သည့် ပေါင် (၁၆.၅)သန်းကို ပေးဆောင်ရန် သဘောတူလိုက်ခြင်းဖြစ်ပြီး ယင်းငွေကြေးပြစ်ဒဏ်နှင့်အတူ ဆိုင်းငံ့ထောင်ဒဏ် (၂)နှစ်ကိုလည်း ချမှတ်ခံခဲ့ရသည်။

အသက် (၃၃)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် စပိန်နိုင်ငံ၏ ဥပဒေများအရ ထောင်ဒဏ် (၂)နှစ်နှင့် အောက်ဆိုပါက ပြစ်မှု မှတ်တမ်းကင်းရှင်းလျှင် ထောင်ဒဏ်ကျခံရမည့်အခြေအနေမှ ကင်းလွတ်ခွင့်ရသဖြင့် ယခုဖြစ်ရပ်တွင်လည်း ထောင်ကျခံရမည်မဟုတ်ဘဲ အနာဂတ်ကာလများတွင်မူ ပြစ်မှုကင်းရှင်းအောင် နေထိုင်သွားရမည်ဖြစ်သည်။

Most Read

Most Recent