ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားတွင် ရော်ဘီဝီလျံ ဖျော်ဖြေမည်

ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားတွင် ရော်ဘီဝီလျံ ဖျော်ဖြေမည်
Published 13 June 2018

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဇွန် ၁၄ ရက်တွင် ပြုလုပ်မည့် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားတွင် ဗြိတိန်ပေါ့ပ် အဆိုတော်ရော်ဘီဝီလျံ ဖျော်ဖြေမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် ဝီလျံ၏ ကိုယ်စားလှယ်များက ထုတ်ပြန်ခဲ့သည်။

Luzhniki အားကစားကွင်း၌ ရုရှားနှင့် ဆော်ဒီအာရေဗျအသင်းတို့၏ ပွဲမစတင်မီ ရော်ဘီဝီလျံသည် ရုရှားအဆိုတော် Aida Garifullina နှင့်အတူ ဖျော်ဖြေမည်ဖြစ်သည်။ ကမ္ဘာ့ဖလားတွင် ဖျော်ဖြေမှုသည်  ကလေးဘဝအိပ်မက်တစ်ခုဖြစ်ကြောင်းနှင့် ယင်းသည် မေ့မရသော ဖျော်ဖြေပွဲတစ်ခုဖြစ်ကြောင်း အသက် ၄၄ နှစ်အရွယ်ရှိ ဝီလျံက ဇွန်၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ဒီလိုမျိုး ထူးခြားတဲ့ ဖျော်ဖြေပွဲအတွက် ရုရှားမှာ ဖျော်ဖြေရမှာမို့ ကျွန်တော် အရမ်းပျော်ပြီး စိတ်လှုပ်ရှားရတယ်” ဟု ဝီလျံက ပြောကြားခဲ့သည်။

ဘရာဇီးလ်ဘောလုံးကစားသမားဟောင်း ရော်နယ်ဒိုသည်လည်း ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်မည်ဟု FIFA က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်က ဖြန့်ချိခဲ့သည့် ရော်ဘီဝီလျံ၏ Party Like a Russia သီချင်းတွင် ရုရှားအထက်လွှာများ ပါတီပွဲများ ခုံမင်မှုကိုလှောင်ပြောင်သရော်ထားမှုနှင့်ပတ်သက်ပြီး ရုရှားတွင် အငြင်းပွားမှုဖြစ်ပွားခဲ့သည်။ ယင်းသီချင်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ရည်ညွှန်းပြီးသီဆိုထားသည့် သီချင်းမဟုတ်ဟု ဝီလျံက ငြင်းဆိုခဲ့သည်။

ရော်ဘီဝီလျံသည် Take That အဖွဲ့ဝင်အဖြစ် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလများတွင် အောင်မြင်ခဲ့ပြီးနောက် အဖွဲ့ဝင်များနှင့် သဘောထားကွဲလွဲမှုဖြစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ယင်းနောက် ဂီတအလုပ်များကို တစ်ကိုယ်တော်လုပ်ဆောင်ခဲ့ရာတွင် Angels၊ Let Me Entertain You စသည့်သီချင်းများဖြင့် အောင်မြင်ခဲ့သည်။

ဝီလျံသည် ဗြိတိန်တွင် ရောင်းအားအကောင်းဆုံးအဆိုတော်တစ်ဦးဖြစ်သည်။ ၎င်း၏ Close Encounters ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးသည် တစ်ရက်တည်းဖြင့် လက်မှတ်စောင်ရေ ၁ ဒသမ ၆ သန်း ရောင်းချနိုင်ခဲ့မှုအတွက် ၂၀၀၆ ခုနှစ်တွင် ဂင်းနက်စ်မှတ်တမ်း၌ ဖော်ပြခံခဲ့ရသည်။ ဝီလျံသည် အကောင်းဆုံး အမျိုးသားအဆိုတော်ဆု လေးကြိမ်အပါအဝင် Brit ဆု ၁၈ ဆုအထိ စံချိန်တင်ရရှိခဲ့သည်။

Most Read

Most Recent