တတိယနေရာလုပွဲတွင် မြန်မာအသင်း အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ပြီး ကြေးတံဆိပ်ဆုနှင့်လွဲချော်

တတိယနေရာလုပွဲတွင် မြန်မာအသင်း အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ပြီး ကြေးတံဆိပ်ဆုနှင့်လွဲချော်
Published 30 August 2017

 

မြန်မာအသင်းမှ နန်းဝေမင်းနှင့် အင်ဒိုနီးရှားအသင်းမှ ကစားသမားတစ်ဦး တို့ ရင်ဆိုင်တွေ့နေစဉ်။ (ဓာတ်ပုံ - ညီညီစိုးညွန့်)

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့ညနေပိုင်းက မလေးရှားနိုင်ငံ၊ ဆီလာယန်ကွင်းတွင် ကျင်းပရာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ပြီး တတိယ ကြေးတံဆိပ်ဆုနှင့် လွဲချော်ခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် ကြေးတံဆိပ်ဆု အရယူရန်အတွက် ထိုင်းနှင့်ပွဲစဉ်ကအတိုင်း အမာခံ အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး တိုက်စစ်တွင် အောင်သူနှင့် သန်းပိုင်ကို တွဲဖက်ကစား စေခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်း တစ်ပိုင်းလုံး ကစားကွက်အသာ၊ တိုက်စစ်ပိုင်းဖန်တီးမှုအသာဖြင့် ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ပထမပိုင်းတွင် သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်(၂၃) မိနစ်တွင် တိုက်စစ်မှူး သန်းပိုင်က မောင်မောင်လွင်၏ ပေးပို့မှုမှတဆင့် ပိတ်သွင်းယူနိုင်ခဲ့သည်။ အဖွင့်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် အင်ဒိုနီးရှားအသင်းကလည်း တိုက်စစ်ပိုင်းကို ပိုမိုအားပြုလာပြီး အပြန်အလှန်ထိုးဖောက်မှုများ ဖြင့် အကြိတ်အနယ်ရှိလာခဲ့သည်။ ဒုတိယပိုင်းအစတွင် အင်ဒိုနီးရှားအသင်းမှ လူစားလဲလှယ်မှုများပြုလုပ်ကာ ချေပဂိုးနှင့် အနိုင်ဂိုးများရရှိရန်အတွက် ကစားကွက်ကို ပြောင်းလဲမှုများပြုလုပ်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်း၏ တိုက်စစ်ဆင်မှုများအောက်တွင် အမှားများလာခဲ့ပြီး သာမန်ဘောလုံးပေးပို့မှုများတွင်ပါ လူပေးမှားမှုများ မကြာခဏဆိုသလိုဖြစ်လာခဲ့သည်။ အင်ဒိုနီးရှားအသင်းအတွက် ဂိုးများကို (၅၅)မိနစ်တွင် အီဗန်၊ (၅၉)မိနစ်တွင် ဆက်ပ်စတီယန်နှင့် (၇၇)မိနစ်တွင် ရီဇယ်ဒီက ဧရိယာထိပ်မှ လှလှပပကန်သွင်းကာ ရယူပေးခဲ့သည်။ မြန်မာအသင်းသည် ချေပဂိုးနှင့် အနိုင်ဂိုးများ ပေးလိုက်ရပြီးနောက်ပိုင်း အောင်ကောင်းမာန်ကို ထည့်သွင်းကာ အပြောင်းအလဲလုပ်ရန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ဘဲ စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ည မြန်မာစံတော်ချိန်(၇:၁၅)တွင် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မလေးရှားအသင်းနှင့် လက်ရှိရွှေတံဆိပ်ရှင် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း

သိရသည်။