မလေးရှား ၃-၁ မြန်မာ
ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(က)ပွဲစဉ်အဖြစ် မြန်မာနဲ့ အိမ်ရှင်မလေးရှားတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ အိမ်ရှင်အသင်းက (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်တစ်နေရာကို ရယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းအတွက် ဒီပွဲက အုပ်စုနောက်ဆုံးပွဲဖြစ်သလို၊ ဆီမီးဖိုင်နယ်ကို တက်ရောက်ထားပြီးဖြစ်တာကြောင့် ကစားသမားပိုင်း အပြောင်းအလဲတချို့လုပ်ခဲ့ပါတယ်။
လှိုင်းဘိုဘိုနဲ့ ဟိန်းသီဟဇော်တို့ကို အနားပေးထားခဲ့တာပါ။
မြန်မာအသင်းက ဒီပွဲမှာ တစ်မှတ်ယူနိုင်ခဲ့ရင်ပဲ အုပ်စုဗိုလ်နေရာရမှာဖြစ်တာကြောင့် အာရုံစိုက်ကစားခဲ့ပေမယ့် နိုင်လိုစိတ်ပိုပြင်းထန်နေတဲ့ အိမ်ရှင်အသင်းရဲ့ကစားပုံက ပိုကောင်းခဲ့ပါတယ်။
မလေးရှားအသင်းရဲ့ အဝေးဘောတွေကို မြန်မာအသင်း ဖြတ်တောက်နိုင်မှုအပိုင်း အားနည်းခဲ့သလို၊ အမြင့်ဘောတွေကိုလည်း မထိန်းနိုင်ခဲ့ပါဘူး။
မလေးရှားအသင်းအတွက် (၃၃)မိနစ်မှာ သန်နာဘာလန်နဲ့ (၃၅)မိနစ်မှာ ဆာဖာဝီရာဆစ်တို့က နှစ်ဂိုးဆက်တိုက်သွင်းယူပြီး ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာအသင်းက သန်းပိုင်နဲ့ ရွှေကိုတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် မလေးရှားအသင်းပဲ တစ်ဂိုးထပ်ရခဲ့ပြီး (၈၂)မိနစ်မှာ သန်နာဘာလန်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။
မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ (၈၆)မိနစ်မှာ မလေးရှားကစားသမားရဲ့အမှားကနေ စည်သူအောင် ရရှိပြီး ထိုးပေးတဲ့ဘောလုံးကို သန်းပိုင်က ပိတ်သွင်းယူခဲ့ပါတယ်။
ဒီရလဒ်ကြောင့် အုပ်စု(က)မှာ မြန်မာနဲ့ မလေးရှားတို့ ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အဖြေပေါ်သွားခဲ့ပြီး မလေးရှားအသင်းကတော့ လာအိုနဲ့ နောက်ဆုံးပွဲမှာ တစ်မှတ်ရရုံနဲ့ အုပ်စုဗိုလ်နေရာ ရရှိမှာပါ။