မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ရော်ဂျာရိုင်နာက မိမိတို့အပါ အဝင် အသင်းအားလုံး ရွှေတံဆိပ်ဆုရရှိရန် လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး တစ်ပွဲချင်း အလိုက်သာ ပြင်ဆင်သွားမည် ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။ သြဂုတ် ၁၇ ရက်က အိမ်ရှင် မလေးရှားအသင်းအား ငါးဂိုးပြတ် အနိုင်ရခဲ့သည့် အုပ်စု ဒုတိယပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ရော်ဂျာက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
'' ဒီပြိုင်ပွဲ မတိုင်ခင်တုန်းကလည်း ပြောခဲ့ဖူးပါတယ်။ နည်းပြတိုင်း၊ ကစားသမားတိုင်း၊ အသင်းတိုင်းကတော့ ရွှေတံဆိပ်ဆု လိုချင်ကြတာပဲ။ ဒါကြောင့်လည်း ကွာလာလမ်ပူကိုလာပြီး ယှဉ်ပြိုင်ကြတာပါ။ ကျွန်တော်ကတော့ တစ်ပွဲချင်းအလိုက်ပဲ ပြင်ဆင်သွားပါမယ်။ ပထမပွဲမှာ ထိုင်းကို ရှုံးနိမ့်ခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ ဒီနေ့ မလေးရှားနဲ့ပွဲကို အာရုံစိုက်ပြင်ဆင်ခဲ့သလိုပဲ နောက်တစ်ရက် နံနက် ရောက်တာနဲ့ ဗီယက်နမ်နဲ့ပွဲအတွက် အာရုံစိုက်ပြီး ပြင်ဆင်သွားမှာပါ။ ဗီယက်နမ်နဲ့ပွဲက ကျွန်တော်တို့အတွက် အရေးကြီးဆုံးပါပဲ'' ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် မလေးရှားနှင့်ပွဲမှ ကစားသမားများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ရော်ဂျာက ''ပထမပိုင်း ၁၅၊ ၁၆၊ ၁၇ မိနစ်အထိ ကစားခဲ့တဲ့ပုံစံက ကျွန် တော်လိုချင်တဲ့ ပုံစံမျိုးပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ မလိုအပ်ဘဲ အမှားတွေ တစ်ကြိမ်မက ကျူးလွန်ခဲ့တယ်။ ပထမပိုင်းအပြီးမှာ နေရာလွတ်ရှာဖွေမှု မှားယွင်းတာ၊ ဖြတ်တင်ဘောတွေ တိကျမှုမရှိတာနဲ့ ပတ်သက်လို့ ဆွေးနွေး ပြောပြခဲ့ပါတယ်။ အဲဒီသဘောတရားကို သူတို့နားလည်သွားချိန်မှာ ဂိုးတွေ ဆက်တိုက်ရခဲ့တာပါပဲ။ ပွဲချိန်အများစုမှာတော့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပါတယ်။ ကျွန်တော်တို့ ဒီထက် ပိုကောင်းလာဦးမှာပါ။ ဗီ ယက်နဲ့ ပွဲမှာလည်း ပွဲကောင်းလာဖို့ ပြင်ဆင်သွားမှာပါ " ဟု ဆက်လက်ပြောကြားသည်။
မြန်မာအမျိုးသမီးအသင်းသည် အုပ်စုပွဲစဉ် နှစ်ပွဲကစားအပြီးတွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် သုံးမှတ် ရရှိထားပြီး လက်ကျန်ပွဲစဉ်များအဖြစ် သြဂုတ် ၂၀ ရက်တွင် ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ သြဂုတ် ၂၂ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် လည်းကောင်း ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။