ဘောလုံးပွဲလက်မှတ်များအား ပွဲမစတင်မီ ခြောက်နာရီအလိုတွင် ပြောင်းလဲရောင်းချရန် ဆုံးဖြတ်

ဘောလုံးပွဲလက်မှတ်များအား ပွဲမစတင်မီ ခြောက်နာရီအလိုတွင် ပြောင်းလဲရောင်းချရန် ဆုံးဖြတ်
Published 16 August 2017

မြန်မာ-စင်ကာပူပွဲအပြီး ကွင်းအပြင်ဘက်၌ မြန်မာပရိသတ်များ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ - အောင်မင်းသန့်)

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် အစောပိုင်းတွင် လက်မှတ်ရောင်းချသည့် အားကစားနည်းများအတွက် ပွဲမစတင်မီ နှစ်နာရီအလိုမှသာ စတင်ရောင်းချရန် စီစဉ်ထားသော်လည်း သြဂုတ် ၁၅ ရက်မှစ၍ ဘောလုံးပွဲလက်မှတ်များအား ခြောက်နာရီအလိုတွင် စတင်ရောင်းချရန် ပြောင်းလဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၄ ရက်က အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ကျင်းပသည့် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ပွဲတွင် မြန်မာပရိသတ် ၃၀၀၀ ကျော် လာရောက်အားပေး ကြည့်ရှုခဲ့ပြီး ပွဲမစတင်မီ နှစ်နာရီအလိုမှ လက်မှတ်များ စတင်ရောင်းချသောကြောင့် အခက် အခဲများစွာဖြစ်ပေါ်ခဲ့သည်။ ပရိသတ်များသည် ပွဲစတင်ချိန်အထိ လက်မှတ်ရရှိရန် ကွင်းအပြင်ဘက်၌ တန်းစီစောင့်ဆိုင်းခဲ့ရပြီး အချို့ပရိသတ်များမှာ ပထမပိုင်းပြီးခါနီးမှသာ ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပြိုင်ပွဲကျင်းပရေးကော်မတီက ဘောလုံးပွဲလက်မှတ်များအား ခြောက်နာရီ ကြိုတင်ရောင်းချရန်နှင့် လေးနာရီအလိုတွင် ဂိတ်ပေါက်များ စတင်ဖွင့်လှစ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်နဲ့ သူငယ်ချင်းတွေ ပွဲမစခင်ကတည်းက ကွင်းအပြင်ဘက် ရောက်နေပေမယ့် တန်းစီနေတဲ့သူတွေက အများကြီးပဲ။ အောင်သူ ပထမဂိုးသွင်းခါနီး အချိန်မှ ကွင်းထဲဝင်ရတာဆိုတော့ မိနစ် ၄၀ လောက် နောက်ကျသွားတယ်။ လက်မှတ်ဝယ်ရတာ ခက်ခဲလို့ စိတ်ညစ်ရပေမယ့် မြန်မာအသင်းအနိုင်ရပြီး အောင်သူသွင်းတဲ့ နှစ်ဂိုးစလုံးကို ကြည့်ခွင့်ရလို့ ကျေနပ်ပါတယ်။ လာ မယ့်ပွဲတွေလည်း သူငယ်ချင်းတွေစုပြီးကြည့်ဖို့  တိုင်ပင်ထားတယ်” ဟု မြန်မာပရိသတ်တစ်ဦးက ပြောကြားသည်။

မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၃၈ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး Open Water ၊ မြားပစ်၊ ပြေးခုန်ပစ်၊ ဘိုးလင်း၊ လက်ဝှေ့၊ ခရစ်ကတ်၊ စက်ဘီး၊ မြင်းစီး၊ ဓားရေး၊ ဂေါ့ဖ်၊ ဟော်ကီ၊ ရေခဲပြင်ဟော်ကီ၊ ရေခဲပြင်စကိတ်၊ ဂျူဒို၊ Lawn Bowls ၊ ပီတန်း၊ ရွက်လှေ၊ သေနတ်ပစ်၊ Squash ၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ Waterski ၊ အလေးမနှင့် ဝူရှူးအားကစားနည်းများအား အခမဲကြည့်ရှုခွင့်ပြုမည်ဖြစ်သည်။

Most Read

Most Recent