ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို သြဂုတ် ၁၄ ရက်က မလေးရှားနိုင်ငံရှိ ဆီလာယန်ကွင်း၌ ကျင်းပရာ မြန်မာ ယူ-၂၂ အသင်းက စင်ကာပူ ယူ- ၂၂ အသင်းကို (၂-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကြောင်း သိရသည်။ မြန်မာ ယူ-၂၂ အသင်းသည် တိုက်စစ်မှူး အောင်သူ၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေ ကောင်းသွားခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ဆန်းဆက်နိုင် (ဂိုး)၊ နန်းဝေမင်း၊ ထိုက်ထိုက်အောင်၊ သီဟထက်အောင်၊ ဟိန်းသီဟဇော်၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ စည်သူအောင်၊ မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ အောင်သူ တို့ဖြင့် ပွဲထွက်လာခဲ့သည်။ စင်ကာပူ ယူ-၂၂ အသင်းမှာမူ အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် တွေ့ဆုံခဲ့သည့် ကစားသမား အများစုဖြင့် ပွဲထွက်လာခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း တိုက်စစ်တွင် နားလည်မှု လွဲချော်နေ၍ ထိရောက်သည့်ဂိုးသွင်းခွင့် အနည်းငယ်သာ ရခဲ့သည်။ ၂၅ မိနစ်အတွင်း ဂိုးရနိုင်သည့် အပိုင်အခွင့်အရေး နှစ်ကြိမ်ရခဲ့သော်လည်း မောင်မောင်လွင်နှင့် အောင်ကောင်းမာန်တို့၏ ဂိုးသွင်းမှုများကို စင်ကာပူဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ဂိုးရရန် ရုန်းကန်နေရသည့် မြန်မာအသင်းသည် ပထမပိုင်းပြီးခါနီးတွင် ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး အောင်သူက သွင်းယူခဲ့သည်။ အဖွင့်ဂိုးရပြီး တစ်မိနစ်အကြာတွင် မြန်မာအသင်း ဂိုးထပ်ရနိုင်သည့် အခွင့်အရေး ရခဲ့သော်လည်း မောင်မောင်လွင်၏ ခေါင်းတိုက်ဂိုးသွင်းမှု ဘားတန်းထိထွက်ခဲ့သည်။ ဒုတိယပိုင်းအစတွင် စင်ကာပူအသင်းက တိုက်စစ်အားမြှင့်လာခဲ့ပြီး အဝေးကန်ချက်များဖြင့် ဂိုးရရန်ကြိုးပမ်းခဲ့သည်။ မြန်မာဂိုးသမား ဆန်းဆက်နိုင် သေချာပေါက်ဂိုးအချို့ကို ကာကွယ်နိုင်ခဲ့ပြီး ၆၃ မိနစ်တွင် မြန်မာအသင်း ဒုတိယဂိုးထပ်ရခဲ့သည်။ မောင်မောင်လွင် ညာခြမ်းမှဖြတ်ပို့သည့် ဘောလုံးကို အောင်သူက ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားပြီး အဖွင့်ပွဲသုံးမှတ် ရယူနိုင်ခဲ့သည်။
ပွဲအပြီးတွင် အနိုင်ရသွားသည့် မြန်မာ ယူ-၂၂ အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် (MFF) နာယက ဦးအောင်ကိုဝင်းက ဒေါ်လာ ၃၀၀၀၀၊ ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးတေဇက ဒေါ်လာ ၁၀၀၀၀၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ဒေါ်လာ ၁၀၀၀၀၊ စုစုပေါင်း ဒေါ်လာ ၅၀၀၀၀ ပေးအပ်ချီးမြှင့်ခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် အဖွင့်ပွဲစဉ်များ၌ အနိုင်ရသည့် အစဉ်အလာကို ယခုနှစ်တွင်လည်း ဆက်ထိန်းနိုင်ခဲ့ပြီး လေးကြိမ်ဆက်အနိုင်ရခဲ့ကြောင်း သိရသည်။