ရှစ်လေးလုံး ပြည်သူ့ပါတီ မှတ်ပုံတင်လျှောက်ထားမှုကို လက်ခံကြောင်း ကော်မရှင်က အကြောင်းပြန်ပါက ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ခြင်းအပါအဝင် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရန် သုံးလခန့်သာကြာမြင့်မည်ဟု မျှော်မှန်းထား

ရှစ်လေးလုံး ပြည်သူ့ပါတီ မှတ်ပုံတင်လျှောက်ထားမှုကို လက်ခံကြောင်း ကော်မရှင်က အကြောင်းပြန်ပါက ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ခြင်းအပါအဝင် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရန် သုံးလခန့်သာကြာမြင့်မည်ဟု မျှော်မှန်းထား
Published 20 April 2018

ရှစ်လေးလုံး ပြည်သူ့ပါတီ ဖြစ်မြောက်ရေးကော်မတီအနေဖြင့် ပါတီအတွက် အဆင်သင့်ဖြစ်နေပြီး ရွေးကောက်ပွဲကော်မရှင်က ပုံစံ (ခ) ဖြင့် ပါတီမှတ်ပုံတင်လျှောက်ထားမှုအား လက်ခံကြောင်းပြန်လာပါက ပါတီဗဟိုအလုပ်အမှုဆောင် ရွေးချယ်ခြင်းအပါအဝင် ပါတီလုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ရန် သုံးလခန့်သာ ကြာမြင့်မည်ဟု မျှော်မှန်းထားကြောင်း ပါတီဖြစ်မြောက်ရေးကော်မတီ ဦးဆောင်အဖွဲ့ဝင် ဦးရဲနိုင်အောင်က ပြောကြားသည်။

“ဌာနဆိုင်ရာတွေ စုံစမ်းစစ်ဆေးတာတွေ ပြီးသွားပြီ။ ကော်မရှင်အပိုင်းပဲ ကျန်တယ်။ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့လျှောက်လွှာကို လက်ခံမခံဆုံးဖြတ်ရမယ်။ လက်ခံမယ်ဆိုရင် ပုံစံ (ခ) နဲ့ လက်ခံကြောင်း ပြန်ရမယ်။ လက်မခံဘူးဆိုရင် ပုံစံ (ဂ) နဲ့ လက်မခံဘူးလို့ ပြန်ရမယ်။ အဲဒီအဆင့်ကိုမလုပ်ခင်မှာ မတ် ၂၆ ရက်က ကျွန်တော်တို့ကိုခေါ်တွေ့တယ်။ ခေါ်တွေ့တာက မိသားစုပုံစံနဲ့ ဆွေးနွေးပြီးတော့ အဖုအထစ်ဖြစ်မှာဆိုးလို့ နာမည်ကို ပြောင်းပေးစေလိုတဲ့ သဘောမျိုးပါ။ ပြောင်းပေးပါလို့တော့ မတောင်းဆိုဘူး။ ကျွန်တော်တို့ကလည်း အရေးပေါ် စုံညီအစည်းအဝေးခေါ်ပြီးတော့ ကျွန်တော်တို့ဘက်က အပြုသဘော တုံ့ပြန်တဲ့အနေနဲ့ နာမည်ကို ရှစ်လေးလုံးပါတီကနေ ရှစ်လေးလုံး ပြည်သူ့ပါတီအဖြစ် ပြောင်းပေးခဲ့တယ်။ အခုကော်မရှင်က ဆုံးဖြတ်ရတော့မယ် ဧပြီ ၆ ရက်က တရားဝင်တင်တယ်ဆိုတော့ ကျွန်တော်ထင်ပါတယ်။ ဒီတစ်ပတ် (သို့) ရှေ့တစ်ပတ်ထဲမှာ သူတို့ ဆုံးဖြတ်ချက်ထွက်လာမှာပဲ။ လက်ခံတယ်ဆိုတာကို အကြောင်းပြန်မလား ငြင်းပယ်တယ်ဆိုတာကို အကြောင်းပြန်မလား။ ဒါတော့ မသိဘူးပေ့ါ။ သို့ပေမဲ့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ဘက်ကလည်း လိုက်လျောခဲ့တဲ့အတွက် ပုံစံ (ခ) နဲ့ အကြောင်းပြန်မယ်လို့ မျှော်လင့်တယ်။ ဒီလုပ်ငန်းစဉ်အဆင့်ဆင့်က အလွန်ဆုံးကြာ နှစ်လ၊ သုံးလလောက်ကြာမယ်လို့ ကျွန်တော်တို့မှန်းတယ်။ ကော်မရှင်လုပ်ငန်းစဉ်ကလည်း ရှိသေးတော့။ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပြီ။ သူတို့ဘက်က လုပ်ငန်းစဉ်ပေါ်မူတည်ပြီး တစ်ဆင့်ချင်းလုပ်ရမှာတွေ လုပ်သွားမှာပါ” ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

ပုံစံ (ခ) ဖြင့် လက်ခံကြောင်း အကြောင်းပြန်လာပါက ပါတီ၏ ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်၊ ပါတီဖွဲ့စည်းပုံ၊ အမှတ်တံဆိပ်၊ အလံ စသည်တို့ကို တင်ပြရမည်ဖြစ်ပြီး သတင်းစာတွင် ကန့်ကွက်ရန်ရှိ၊ မရှိ ထည့်သွင်းရမည်ဖြစ်ဖြစ်ကြောင်း၊ အဆိုပါအဆင့်တွင် ကန့်ကွက်မှုကို တခြားနိုင်ငံရေးပါတီကသာ ကန့်ကွက်နိုင်ပြီး ကန့်ကွက်ရာတွင်လည်း အမည်ဆင်တူယိုးမှား၊ အလံအမှတ်တံဆိပ် ဆင်တူယိုးမှား ဖြစ်နေခြင်းကိုသာ ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်မှုတွင်လည်း ပြဿနာတစ်စုံတစ်ရာမရှိပါက ပါတီဝင်အင်အားတစ်ထောင်၏ အမည်စာရင်းကို တင်ပြကာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီကို ရွေးချယ်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ဦးကိုကိုကြီးအပါအဝင် ပါတီတည်ထောင်လိုသူများက နိုင်ငံရေးပါတီတစ်ရပ်အား ရှစ်လေးလုံးပါတီအမည်ဖြင့် ပါတီမှတ်ပုံတင်ခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် လျှောက်ထားခဲ့သည်။

ထို့နောက် ရှစ်လေးလုံးပါတီ အမည်အသုံးပြုခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များနှင့် ဦးကိုကိုကြီးဦးဆောင်သော ပါတီတည်ထောင်လိုသူများ မတ် ၂၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းနောက် ရှစ်လေးလုံးပါတီအား ရှစ်လေးလုံးပြည်သူ့ပါတီ အမည်ပြောင်းလဲကာ ဧပြီ ၆ ရက်တွင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပြန်လည်မှတ်ပုံတင်လျှောက်ထားခဲ့သည်။

ယခုနှစ် ၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပြီး ကြားဖြတ်ရွေကောက်ပွဲ ပြုလုပ်ချိန်တွင် တရားဝင်ပါတီအဖြစ်ရှိမည်ဆိုပါက ဥပဒေအရ မဖြစ်မနေသုံးနေရာ ဝင်ရမည်ဖြစ်သော်လည်း မည်သည့်နေရာနှင့် မည်မျှဝင်မည်ကို ဆုံးဖြတ်ချက်မရှိသေးကြောင်း ပါတီဖြစ်မြောက်ရေးကော်မတီ ဦးဆောင်အဖွဲ့ဝင် ဦးရဲနိုင်အောင်က ပြောကြားသည်။

Most Read

Most Recent